Home
ဆောင်းပါး
မြို့ပြနေ့ညများ (အပိုင်း-၂)
DVB
·
October 7, 2024

“ရန်ကုန်မြို့မှာ တောထုတ်ကြတယ်”

အာဏာသိမ်းလိုက်တဲ့ အစပိုင်းရက်တွေမှာ နေ့ဘက်ဆို လမ်းပေါ်ထွက် ဆန္ဒပြကြ။ ညဘက်ဆို သံပုံးတီးပြီး အာဏာရှင်ကို မလိုလားတဲ့အကြောင်း ထုတ်ဖော်ကြ။

လမ်းပေါ်ထွက် ဆန္ဒပြတယ်ဆိုတာ အကြမ်းမဖက် အာဏာဖီဆန်ရေးလမ်းကို ပြည်သူလူထုက ဆောင်ရွက်ကြတာ။ သံပုံးတီးတာကတော့ မကောင်းဆိုးဝါးကို နှင်လွှတ်တဲ့အယူ မြန်မာနိုင်ငံမှာ ရှိပါတယ်။

အာဏာရှင် မကောင်းဆိုးဝါးကို ထွက်သွားအောင် နှင်လွှတ်ခြင်းတမျိုး။ ညပိုင်း သတ်မှတ်ချိန် ရောက်ပြီဆိုရင် သံပုံးတီးတဲ့အသံတွေ ထွက်ပေါ်လာတယ်။ လမ်းတလမ်းထဲက တိုက်ခန်းတခန်းကနေ စလိုက်ပြီဆိုတာနဲ့ ဆက်တိုက်ဆိုသလို ရန်ကုန်မြို့တမြို့လုံး သံပုံးတီးသံတွေ ထွက်ပေါ်လာတယ်။ သံပုံးတီးတဲ့လှုပ်ရှားမှုဟာ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြကြတဲ့သတင်း ဖြစ်လာတယ်။

COVID - 19 ကပ်ရောဂါ ကျရောက်တဲ့ အာဏာမသိမ်းခင် အစောပိုင်းရက်တွေမှာ ရန်ကုန်မှာ သံပုံးတီးသလား၊ မတီးကြဘူးလား ဆိုတာ မသိလိုက်ပါဘူး။

အဲဒီအချိန်က ကျနော် ရွာ‌ပြန်ရောက်နေလို့ပါ။ ရွာမှာတော့ ဘုန်းကြီးတပါးရဲ့ အိပ်မက်အရဆိုပြီး တောထုတ်ကြပါတယ်။ ကျနော်‌တော့ စိတ်မဝင်စားတော့ပါဘူး။ ကျနော်ငယ်ငယ်က အခုလို သံပုံးတီး တောထုတ်ပြီဆို အရာဝတ္ထုတခုခုကို အသံထွက်အောင် ထုရိုက်ရတာကို သဘောကျခဲ့တယ်။ ကျနော်တို့ရွာမှာတော့ ဒါကို တောထုတ်တယ်လို့ ပြောကြတယ်။

ရွာမှာ လူတော်တော်များများ ရက်ရှည် ဖျားရေးနာတာ ဖြစ်လာပြီဆို တောထုတ်ကြတယ်။ ဒီအခြေအနေဆိုရင် ရွာထဲမှာ မကောင်းဆိုးဝါးတကောင်ကောင် ရှိနေပြီလို့ အယူရှိကြတယ်။ ညနေပိုင်း မိုးစချုပ်ပြီဆိုတာနဲ့ တရွာလုံး အုံးအုံးကျက်ကျက် အသံ‌တွေထွက်လာတယ်။ ရွာတရွာက စလိုက်ပြီဆိုတာနဲ့ တခြားရွာတွေကလည်း လိုက်ပါတီးခေါက်ကြတယ်။

ကျနော်ခပ်ငယ်ငယ်က အခုလို တောထုတ်ပြီဆိုရင် အဖေက အိမ်ရှေ့မှာ မိုးမချုပ်ခင်ကတည်းက ကောက်ရိုးတွေကိုသယ်ပြီး ပုံထားတယ်။ ညမိုးချုပ်လို့ တောထုတ်ပြီဆို သယ်ထားတဲ့ ကောက်ရိုးတွေကို မီးရှို့တယ်။

မီးတောက်မီးလျှံဖြစ်အောင် မီးလောင်စာတွေကို ကြိုစုထားတာပါ။ တောထုတ်ချိန်ရောက်တော့ ကောက်ရိုးတွေကို မီးစရှို့တော့တာပဲ။ ကျနော်တို့ညီအစ်ကိုတွေလည်း ရရာပစ္စည်းတခုခုကို လိုက်ပြီး တီးခေါက်ကြတယ်။ အဖေကတော့ ဆန်ပြာတဲ့ ဆန်ကောကို တုတ်တချောင်းနဲ့ ရိုက်ပါတယ်။ သူ့ဆန်ကောရိုက်တဲ့အသံက အကျယ်ဆုံးဖြစ်နေတယ်။

လောင်စာအားကောင်းကောင်းနဲ့ လောင်ကျွမ်းနေတဲ့ မီးတောက်မီးလျှံထွက်နေတဲ့ မီးပုံဘေးမှာ သားအမိ သားအဖတွေ ထုရိုက်တီးခေါက်ပြီး တောထုတ်ကြတာ။

ရွာမှာ အဘွားတယောက်က ဝမ်းရောဂါနဲ့ သေသွားပါတယ်။ အဲဒီရက်တွေမှာ ‌တိုက်နယ်ဆေးရုံထဲ လူတွေပြည့်နေပါတယ်။ ဝမ်းရောဂါဖြစ်လို့ ဆေးရုံဆေးခန်း သွားကြသူတွေဟာ သက်ကြီးရွယ်အိုတွေအပြင် လူငယ်လူရွယ်နဲ့ ကလေးတွေပါ ရောဂါကူးစက်ခြင်းကို ခံရတယ်။

ရွာမှာ တောထုတ်ကြဖို့ တဆင့်စကားတဆင့် ဖြန့်ပါတယ်။ ဝမ်းရောဂါကြောင့် သေဆုံးသွားတဲ့အိမ်ကို ထုံးဖြူတွေပက်ပြီး ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူးလို့ အမိန့်ထုတ်လိုက်တယ်။ အဲဒီအချိန်က သေဆုံးသူတဦးတည်း ရှိခဲ့ပါတယ်။ တောထုတ်တာ သက်ရောက်မှု ရှိသွားတာလား၊ တိုက်နယ်ဆေးရုံက ဆေးနိုင်သွားလို့ပဲလား ဆိုတာကိုတော့ ရွာကလူတွေ ဘယ်လို‌တွေးကြမလဲတော့ မသိဘူး။

အခုတော့ စစ်တပ်က အာဏာသိမ်းတော့ ရန်ကုန်မြို့ကြီးမှာ သံပုံးတီးပြီး တောထုတ်ကြတယ်။ ပြည်သူလူထုကို ခေတ်အဆက်ဆက် ဒုက္ခမျိုးစုံပေးတဲ့ အာဏာရှင်စနစ်ကို မလိုလားတဲ့အတွက် အာဏာရှင် မကောင်းဆိုးဝါးတွေ လွင့်စင်သွားစေဖို့ သံပုံးတီး တောထုတ်ကြတယ်။

နေ့စဉ်ရက်ဆက် သံပုံးတီးသံတွေကို အာဏာရှင်က ထိန်းချုပ်ဖို့ ကြိုးစားလာတယ်။ သံပုံးတီးတဲ့အိမ်၊ တိုက်ခန်းကို လောက်လေးခွနဲ့ ပစ်တယ်။ လေးခွကိုင်ကြတဲ့သူ အများစုက ရဲဝတ်စုံဝတ်ထားတဲ့ သူတွေပါ။

တညကဆို ကျနော်တို့လမ်းထဲမှာ သံပုံးတီးနေရင်း တိုက်ခန်းတခုရဲ့မှန်ကို အရှိန်ပြင်းပြင်း ပစ်လိုက်တဲ့အသံကို ကြားရတယ်။ သံပုံးတီးသံတချို့ ရပ်သွားတယ်။ နောက်တပ်တချက် ထပ်ပစ်ပြန်တယ်။

တိုက်ခန်းအမြင့်ပေါ် ၇ လွှာကနေ စနည်းနာကြည့်တော့ လမ်းထဲမှာ ရဲကားလည်း မတွေ့ရ၊ စစ်ကားလည်း မတွေ့ရဘူး။ ဘယ်နေရာကနေ ဘယ်သူကပစ်သလဲ ဆိုတာကိုလည်း မသိရဘူး။ အဲဒီရက်တွေမှာ တယောက်နဲ့တယောက် သတိပြုကြဖို့ ပြောတာက စကြာတပ်ထားတဲ့ အိမ်တွေကို သတိထားကြပါတဲ့။ အိမ်ရှေ့၊ တိုက်ခန်းရှေ့ ဝရန်တာမှာ ကလေးတွေဆော့တဲ့ စကြာတွေကို တပ်ဆင်ထားကြတယ်။ အဲဒီအိမ်တွေက ဒလန်အိမ်‌တွေလို့ ပြောကြတယ်။ ဘယ်တိုက်ခန်းက သံပုံးတီးနေလဲ ဆိုတာကို အဲဒီအိမ်တွေက သတင်းပေးလုပ်ပြီး သံပုံးသံ ရပ်သွားအောင် လုပ်ကြတယ်လို့ သတင်းထွက်ပါတယ်။

အဲဒီညက တိုက်ခန်းတခုရဲ့ မှန်တံခါးကို လောက်လေးခွနဲ့ ပစ်လိုက်တာဟာ ကျနော်တို့ တိုက်ခန်းရဲ့ လမ်းတဖက်ခြမ်းက စကြာတပ်ထားတဲ့ အိမ်လား ဆိုတာကို ကျနော်တို့ သံသယဝင်သွားတယ်။

အဲဒီနေ့ညက စကြာတပ်ထားတဲ့ တိုက်ခန်းက သံပုံးမတီးဘူး။ နောက်ရက် အဲဒီတိုက်ခန်းကို သတိထား စောင့်ကြည့်ဖြစ်တယ်။ တရက်မှာတော့ အဲဒီ စကြာတပ်ထားတဲ့ အခန်းက ကလေးတွေရော လူကြီးတွေပါ သံပုံးထွက်တီးကြတာကိုမြင်တော့ သံသယဖြစ်မိတာ လွဲပြီလို့ ကောက်ချက်ချလိုက်တယ်။

စစ်အာဏာရှင် မကောင်းဆိုးဝါးကို တောရောမြို့ပါမကျန် တောထုတ်ကြပါတယ်။ မကောင်းဆိုးဝါး မြန်မြန်ပျောက်ကွယ်သွားဖို့ အတွက်ပါ။ မြို့‌ပြပေါ်မှာတော့ အာဏာသိမ်းတဲ့ အစပိုင်းရက်တွေအပြင် အချိန်အတော်ကြာတဲ့အထိ သံပုံးသံတွေကို ကြားနေရတာ ဖြစ်ပါတယ်။

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024