စကစတပ်နဲ့ ပတ်သက်ရင် ကမ္ဘာ့အဆင့် ၃၈ ထိ လက်နက်ကိရိယာစွမ်းအား ရှိသလို အင်စတီကျူးရှင်းဆိုင်ရာ စိတ်ဓာတ်စွမ်းအား၊ အမိန့်နာခံမှုစွမ်းအား၊ လူသားရင်းမြစ်စွမ်းအားတွေ ရှိတယ်လို့ ယူဆခဲ့ကြပါတယ်။ သဘောကတော့ ဖွဲ့စည်းတည်ဆောက်ပုံ (structure) အရ ခိုင်မာတယ်၊ မပြိုကွဲနိုင်ဘူးလို့ ပြောခဲ့ကြ၊ ပြောနေကြတာဟာ ဒီအကြောင်းအရာတွေပေါ်မှာ အခြေခံတာပါ။ ( structure ကို ဖွဲ့စည်းတည်ဆောက်ပုံလို့ ဘာသာပြန်ရတာလည်း ဘဝင်သိပ်မကျလို့ structure လို့ပဲ ဆက်လက်သုံးစွဲပါမယ်) အခုတော့ စီဒီအမ်စစ်သားတွေ၊ စစ်သုံ့ပန်းတွေဆီက ကြားလာရတဲ့ စကစတပ် ယိုင်နဲ့ပြိုကွဲနေပြီဆိုတဲ့ အကြောင်းအရာတွေဟာ ဖွဲ့စည်းပုံပြဿနာကြောင့် သက်သက် မဟုတ်တာကို တွေ့လာရပါတယ်။ အများစုက ယဉ်ကျေးမှု (culture) ပြဿနာကို တနည်းတဖုံ ထုတ်ဖော်ဝန်ခံလာကြတာပါ။ (ဒီနေရာမှာ culture ကို ယဉ်ကျေးမှုလို့ ဘာသာပြန်ရတာကို ဘဝင်မကျတဲ့အတွက် culture လို့ပဲ ဆက်လက်သုံးစွဲပါမယ်)
စကစတပ်ဟာ နိုင်ငံ့ဘဏ္ဍာကို အချိုးအစားအများဆုံး ရယူလိုတာရော၊ အဂတိလိုက်စားဖို့ ထက်သန်တာကြောင့်ပါ သူ့ရဲ့ လူသားရင်းမြစ် စွမ်းအားအရေအတွက်ကို လိမ်ညာခဲ့တာ ထင်ရှားပါတယ်။ ကျန်တဲ့အားသာချက်တွေကို ကြည့်တဲ့အခါ ဖွဲ့စည်းပုံအရ အင်စတီကျူးရှင်းဆိုင်ရာ စိတ်ဓာတ်စွမ်းအား၊ အမိန့်နာခံမှုစွမ်းအားတွေ အားကောင်းအောင် တည်ဆောက်ထားတယ်လို့ ဆိုရပါမယ်။ လက်နက်ကိုင်တပ်မှန်သမျှ တသွေး၊ တသံ၊ တမိန့် မူကို ကျင့်သုံးကြရလေ့ ရှိတာပါပဲ။ စကစတပ်မှာကျတော့ အင်စတီကျူးရှင်းဆိုင်ရာ စိတ်ဓာတ်စွမ်းအား၊ အမိန့်နာခံမှုစွမ်းအားတွေကို ကြီးနိုင်ငယ်ညှဉ်း culture နဲ့ တည်ဆောက်ထားတာကို ကြားသိလာရပါတယ်။ အဲဒီ culture ကပဲ စကစတပ်ကို ပြိုကွဲယိုင်နဲ့အောင် တတ်နိုင်တာလို့ ဆိုရပါမယ်။
ထွက်ပြေးလာကြတဲ့ စစ်သည်၊ ဖမ်းမိတဲ့ တပ်သားတွေဆီက အများဆုံး ကြားရတာဟာ စစ်တပ်အနေနဲ့ ပြည်သူလူထုကို အကာအကွယ်မပေးဘဲ ဒုက္ခပေးနေတာကို ဆက်လက်မပူးပေါင်း မဆောင်ရွက်ချင်တော့ဘူး ဆိုတာမျိုး မဟုတ်ဘဲ ကြီးနိုင်ငယ်ညှဉ်း culture နဲ့ တကိုယ်ကောင်းဆန်ပြီး တာဝန်ယူ တာဝန်ခံတတ်မှု မရှိတဲ့ အထက်အရာရှိများကြောင့် ဆိုတာမျိုး ဖြစ်နေပါတယ်။ အရာရှိကြီးအဆင့်တွေက စီဒီအမ်လုပ်တာ နည်းလွန်းပြီး အောက်ခြေတပ်သားတွေက စီဒီအမ် လုပ်တာ များနေရခြင်းရဲ့ အကြောင်းရင်းကလည်း ကြီးနိုင်ငယ်ညှဉ်း လုပ်ခွင့်ရ၊ တကိုယ်ကောင်းဆန်နိုင်သလောက် ဆန်လို့ရ၊ တာဝန်ယူ တာဝန်ခံတတ်မှု ရှိစရာ မလိုတဲ့ culture ကြောင့်ပါ။ အဲဒီ culture ဟာ အောက်ခြေတပ်သားတွေထက် အထက်အရာရှိတွေကို ဒီအင်စတီကျူးရှင်းထဲက မရုန်းနိုင်အောင် အထောက်အကူ ဖြစ်နေလို့လို့ ဆိုရပါမယ်။ ဒါကြောင့် စကစတပ်ရဲ့ ပြိုကွဲလာရခြင်း အခြေခံဟာ ဖွဲ့စည်းပုံ structure မဟုတ်ဘဲ ဒီယဉ်ကျေးမှု culture သာ ဖြစ်တယ်လို့ မြင်ပါတယ်။
ဒီတော့ ဒါဟာ စကစတပ်ထဲမှာပဲရှိတဲ့ culture လား ဆိုတာကို ဆက်ဆန်းစစ်ကြည့်တော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။ ကြီးနိုင်ငယ်ညှဉ်း culture ဆိုတာ လူအင်အား၊ ပါဝါစွမ်းအားကြီးတဲ့ လူအုပ်စုက သူ့ထက် အားနည်းတဲ့အုပ်စုအပေါ် အနိုင်ကျင့်တာ၊ အနိုင်ယူတာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကြီးနိုင်ငယ်ညှဉ်း culture ဟာ ကျမတို့ လူ့အဖွဲ့အစည်းထဲမှာ အတော်ကြီး နက်ရှိုင်းကျယ်ပြန့်နေတဲ့ culture ဖြစ်နေတာကို တွေ့ရမှာပါ။ လူမျိုး၊ ဘာသာ၊ လိင်စိတ်ခံယူမှု၊ အသက်မွေးဝမ်းကျောင်း စတဲ့ လူမှုရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ကြီးနိုင်ငယ်ညှဉ်း culture နဲ့ ရောနှောအသုံးပြုကြတဲ့ ဓလေ့ဟာ ကျမတို့လူ့အဖွဲ့အစည်းထဲမှာ အတော်စွဲမြဲ အကျင့်ပါနေပါတယ်။ ဒါပေမဲ့ အားနည်းသူတွေဟာ အားကြီးသူတွေကို ရင်ဆိုင်ဖို့ အင်အားများလာအောင် တနည်း ဖွဲ့စည်းတည်ဆောက်ပုံ structure ကြီးလာ သန်မာလာအောင် လုပ်တဲ့နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတတ်ကြတာ များပါတယ်။ သူ့ထက် အားနည်းသူတွေ အပေါ်မှာတော့ ခုနက ကြီးနိုင်ငယ်ညှဉ်း culture ကိုပဲ ဆက်လက်သုံးစွဲဖို့ ဝန်မလေးကြတာ ဒီအချက်ကို သက်သေထူနေတာပါ။
ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် တော်လှန်ရေးလုပ်ကြတာမှာ structure ကိုသာ ပြုပြင်ဖို့ အစွမ်းကုန်အားထုတ်ကြပြီး culture ကို မပြောင်းနိုင်ရင် ခေတ်ပြောင်းတော်လှန်ရေးလို့ ကြွေးကြော်နေတဲ့ နွေဦးဟာ ယက်ကန်ယက်ကန် ဖြစ်နေနိုင်ပါသေးတယ်။ ဖက်ဒရယ်မှာ အာဏာခွဲဝေသုံးစွဲမှု ဆိုတာကို မြေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အခြေခံတဲ့ structure လိုအပ်တယ်လို့ပဲ ယူဆဦးတော့၊ အဲဒီနယ်နိမိတ်ထဲက လူ့အဖွဲ့အစည်းမှာ ကြီးနိုင်ငယ်ညှဉ်း culture ကို မပြောင်းနိုင်သေးရင် အရေအတွက်များပေမဲ့ စွမ်းအားနည်းတဲ့ ဒါမှမဟုတ် အသံတိတ်နေကျဖြစ်တဲ့ silent majority လို့ဆိုရမယ့် လူထုဟာ ဒုက္ခရောက်မြဲ ရောက်နိုင်ပါသေးတယ်။
ဒီမိုကရေစီဟာ structure မဟုတ်ဘဲ culture သာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်နိမိတ်တခုရဲ့ structure ကို ပြောင်းနိုင်ရုံနဲ့ အဲဒီထဲက လူ့အဖွဲ့အစည်းအတွင်းက culture ကို မပြောင်းရင် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လူ့ရပိုင်ခွင့်ဆိုင်ရာတွေမှာ ဆက်လက်ပြီး အားနည်းလာရာက နောက်ပိုင်းမှာ အာဏာရှင်အသစ်အသစ်တွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ဒီ ကြီးနိုင်ငယ်ညှဉ်း culture ကို ဖြိုချနိုင်မယ့်အရာဟာ အပြန်အလှန်လေးစားမှု (mutual respect) culture သာ ဖြစ်ပါတယ်။ တန်းတူညီမျှမှု ဆိုတာဟာလည်း အပြန်အလှန်လေးစားမှု အပေါ်မှာ တည်ပြီးမှ ပေါ်ထွက်လာနိုင်တဲ့ အခွင့်အရေးပါ။ (ဒါကြောင့် ကျမရဲ့ ‘စုပေါင်းအိပ်မက် မက်ကြစို့’ ဆိုတဲ့ ကဗျာရှည်မှာ လူသားချင်းစာနာမှုနဲ့ တန်းတူညီမျှမှုကို စုပေါင်းအိပ်မက်အဖြစ် အတူတကွ မက်ကြဖို့ ရေးသားနှိုးဆော်ခဲ့ပါတယ်။ ကျမအတွက် culture ဟာ structure ထက် အများကြီး ပိုအရေးကြီးပါတယ်။)
ခုခါမှာ အသိပညာ၊ ဗဟုသုတ၊ နည်းနာ၊ ဆုံးဖြတ်ပိုင်ခွင့်တွေ ပိုအားကြီးတယ်လို့ ကိုယ့်ဘာသာ ခံယူထားတဲ့ နိုင်ငံရေး-စစ်ရေး ခေါင်းဆောင်နေသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားနဲ့ အနုပညာသမားတွေ၊ အကယ်ဒဲမစ်ပညာရှင်တွေအနေနဲ့ silent majority လို့ဆိုရမယ့် လူထုအပေါ် အပြန်အလှန်လေးစားမှု culture တည်ဆောက်ပေးကြဖို့ အရေးကြီးလှပါတယ်။ တဖက်မှာကြည့်ရင် အသိပညာ၊ ဗဟုသုတ၊ နည်းနာ၊ ဆုံးဖြတ်ပိုင်ခွင့်တွေ ပိုအားကြီးတယ်လို့ ကိုယ့်ဘာသာ ခံယူထားတဲ့သူဟာ အရေအတွက်အနေနဲ့ လူနည်းစု ဖြစ်ပါတယ်။ အဲဒီတော့ အထူးသဖြင့် ဆိုရှယ်မီဒီယာမှာရော မြေပြင်မှာပါ အဲဒီလူတွေအနေနဲ့ ကိုယ့်သဘောတရားတွေကို silent majority လို့ဆိုရမယ့် လူထုအပေါ် လွှမ်းမိုးနိုင်ဖို့အတွက် အင်အားအတန်အသင့်များတဲ့ လူအုပ်စုတခုခုဆီက သဘောတူ ထောက်ခံလိုက်ပါနိုင်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားလာတတ်ကြပါတယ်။ အဲဒီနည်းတွေထဲမှာ အပြန်အလှန်လေးစားမှု culture ပေါ် အခြေခံတဲ့နည်းဟာ မပါသလောက် နည်းနေတာကိုလည်း မြင်နေရပါတယ်။ အဲဒီအစား ကိုယ်နဲ့ သဘောထားမတူသူ အပါအဝင် တခြားအစုအဖွဲ့တွေကို ဆက်ဆံတဲ့အခါ ကိုယ့်ဘက်က အသာစီး၊ အထက်စီး ယူထားတဲ့ သဘောနဲ့ ပြုမူဆက်ဆံကြတာကို လုပ်နေကြဆဲပါ။ တနည်းအားဖြင့် အပြန်အလှန်လေးစားမှု culture ကို မူအဖြစ် ကိုင်စွဲပြီး ပြောဆိုဆွေးနွေး ငြင်းခုန်ကြတာမျိုး အားနည်းပြီး တဖက်သားကို နှိမ်ချချိုးဖဲ့တာ၊ တိုက်ခိုက်ရှုတ်ချ ပြစ်တင်တာ၊ လှောင်ပြောင် ရယ်သွမ်းသွေးတာတွေကို အားထည့်ကြပါတယ်။ ဒီ့ထက်ဆိုးတာက ကိုယ်နဲ့ သဘောတူနိုင်တဲ့ အုပ်စုကိုပါ ကိုယ့်အတွက် ထောက်ကူရန်ဖြစ် ကြမ်းရမ်းစေဖို့ လှုံ့ဆော်တိုက်တွန်းကြတာပါပဲ။
ဒီတော့ ဒီလို culture မျိုး၊ နည်းလမ်းမျိုးတွေနဲ့ အနာဂတ်လူ့အဖွဲ့အစည်းဟာ လူများစုဖြစ်စေ၊ လူနည်းစုဖြစ်စေ ကိုယ်ယုံကြည်ရာ ကိုယ်ထုတ်ဖော်ပေမဲ့ အန္တရာယ်ကင်းတယ်လို့ စိတ်ချရတဲ့ လူ့အဖွဲ့အစည်း မဖြစ်နိုင်တော့ပါဘူး။ စကစကို တော်လှန်ရတာဟာ အာဏာအတွက် မဟုတ်ဘဲ လွတ်လပ်လုံခြုံငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို တည်ထောင်ကြဖို့ဆိုတာ နွေဦးရဲ့ အနှစ်သာရလို့ ခံယူပါတယ်။ ဒီတော့ စကစအတွင်းထဲက အပြုအမူ၊ အဆက်အဆံတွေကို ကူးစက်ခံမှာလား၊ အဲဒီ culture ဝင်္ကဘာထဲမှာ ဆက်ပြီး ပိတ်မိခံမှာလားဆိုတာ မေးကြရပါမယ်။ ကိုယ်လိုချင်တဲ့ လူ့အဖွဲ့အစည်းအတွက် ကိုယ်ကိုယ်တိုင်ကမှ အပြန်အလှန်လေးစားမှု culture ကို မကျင့်သုံးကြဘူးဆိုရင် တော်လှန်ရေးဆိုတာ စကစရဲ့ ဝင်္ကဘာထဲက ထွက်ပေါက်ရှာတာပဲ ဖြစ်ပြီး အဲဒီဝင်္ကဘာကြီးကို ဖြိုချတာ မဖြစ်နိုင်တော့ဘူးလေ။
ဒါ့အပြင် စကစတပ်ထဲက တကိုယ်ကောင်းဆန်ပြီး တာဝန်ယူ တာဝန်ခံတတ်မှု မရှိတဲ့ အထက်အရာရှိတွေရဲ့ အမူအကျင့်မျိုးကိုလည်း နွေဦး ဦးသျှောင်များလို့ ယူဆနိုင်တဲ့ နိုင်ငံရေး-စစ်ရေး ခေါင်းဆောင်နေသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားနဲ့ အနုပညာသမားတွေ၊ အကယ်ဒဲမစ်ပညာရှင်တွေအနေနဲ့ ရှောင်ရှားကြဖို့ လိုပါတယ်။ ဒါဟာလည်း လေးစားမှု culture ကို အသက်သွင်းတာပါပဲ။
ကိုယ့်ကိုယ်ကိုယ်မှ မလေးစားတတ်ရင် သူများအပေါ်မှာလည်း မလေးစားတတ်ပါဘူး။
တကိုယ်ကောင်းဆန်ပြီး တာဝန်ယူ တာဝန်ခံတတ်မှု မရှိဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်ရော သူများအပေါ်မှာပါ မလေးစားတတ်သူများရဲ့ အမူအကျင့်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူတွေဆိုတာ သူ့ရဲ့ သူများအပေါ် အပြုအမူ၊ အပြောအဆိုတွေကို အပြန်အလှန် လေးစားမှု အခြေခံပြီးမှ ပြုမူပြောဆိုကြသူတွေပါ။
ဒါကြောင့် နွေဦးတော်လှန်ရေး အောင်မြင်မှာလားဆိုရင် ကိုယ့်ကိုယ်ကိုယ် အပါအဝင် အပြန်အလှန်လေးစားမှု culture ကို စတင်ကျင့်သုံး တွင်ကျယ်စေလာတာနဲ့အမျှ အစွမ်းကုန်နဲ့ အဆုံးစွန် အောင်မြင်မှာ ဖြစ်ကြောင်းပါ။
မသီတာ (စမ်းချောင်း)