“သူ မင်းကို ဘယ်တော့မှ” ဆိုတဲ့ ဝတ္ထုထဲမှာ ဂျူးက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူသိများပြီး နေ့စဥ်လူမှုဘဝအထိ လွှမ်းမိုးတဲ့ စကားလုံးတလုံးကို ဖော်ထုတ်ပြခဲ့ပါတယ်။ “ကံ” ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ ကံဆိုတာ ဘာရယ်လို့ သေချာကွဲကွဲပြားပြားသိတဲ့သူက နည်းတဲ့အကြောင်းလည်း ပြောပါတယ်။
အဲဒီလို မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူသိများ၊ လွှမ်းမိုးတဲ့ စကားလုံးတလုံးကို ထပ်ဖော်ပြပါဆိုရင် “တရားဥပဒေစိုးမိုးရေး” ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်လို့ အဆိုပြုချင်ပါတယ်။ အဲဒီ တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကားလုံးကို နေ့စဉ်နဲ့အမျှ အရပ်ထဲ၊ ဈေးထဲ၊ သတင်းစာတွေထဲမှာ တွေ့နေ မြင်နေ ကြားနေခဲ့ရပါတယ်။ ရွေးကောက်ပွဲ လုပ်ပေးပြီးရင် အရပ်သားအစိုးရကို အာဏာပြန်လွှဲမယ်ဆိုပြီး အာဏာလွှဲမပေးခဲ့တဲ့ သူတွေဆီကလည်း ဒီစကားလုံးတွေကို ကြားရ၊ တရားစီရင်ရေးမူတွေတောင် မဖတ်ဘူးတဲ့ တရားသူကြီးဆီကနေလည်း တရားဥပဒေစိုးမိုးရေး ဆိုတဲ့ ဒီစကားလုံးကို ကြားရ၊ တချိန်က သေနတ်ကိုင်ပြီး စည်းလွတ်ဝါးလွတ် အကုန်လုပ်ခဲ့တဲ့ လွှတ်တော်ထဲရောက် ကိုယ်စားလှယ်ကလည်း တရားဥပဒေစိုးမိုးရေး ဆိုပြီး ပြောတာကို ကြားရ၊ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရဆီကနေလည်း တရားဥပဒေစိုးမိုးရေး ဆိုတာ ကြားရနဲ့ ကြားပြီးရင်း ကြားနေရတော့တာပါပဲ။ ဒါပေမဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာ ဘာလဲဆိုရင် ကျနော်တို့ သေသေချာချာ မသိကြပါဘူး။ အခု ဒီဆောင်းပါးမှာတော့ Rule of law (တရားဥပဒေအရအုပ်ချုပ်ခြင်း) ဆိုတဲ့အကြောင်းကို အခြေခံသိသွားအောင် တင်ပြသွားချင်ပါတယ်။
ပထမဆုံးအနေနဲ့ စကားလုံးကို ဖော်ပြချင်ပါတယ်။ “တရားဥပဒေစိုးမိုးရေး” ဆိုတဲ့ စကားလုံးဟာ “Rule of Law” ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အဲဒီပြန်ဆိုချက်ထက်စာရင် တရားဥပဒေအရ အုပ်ချုပ်ခြင်း၊ တရားဥပဒေနဲ့အညီ အုပ်ချုပ်ခြင်းလို့ ဘာသာပြန်ကို ပိုသဘောတွေ့ပါတယ်။ (ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ Rule of law လို့ပဲ တိုက်ရိုက်သုံးနှုန်းသွားမယ့်အကြောင်း ကြိုတင်အသိပေးချင်ပါတယ်။)
Rule of law ဆိုတာ ဘာလဲ။
Rule of law ဆိုတာ ဥပဒေစနစ်တွေထဲက အယူအဆတခုဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းနဲ့လည်း ချိတ်ဆက်နေပါတယ်။ တရားမျှတပြီး တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတခု ထူထောင်ဖို့အတွက် အခြေခံကျတဲ့ အယူအဆတရပ် ဖြစ်ပါတယ်။ Rule of law ဟာ လူမှုရေးတည်ငြိမ်ဖို့၊ တဦးချင်းစီရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ရရှိစေဖို့၊ အစိုးရအရာရှိကြီးတွေနဲ့ အဖွဲ့အစည်းတွေကို ပြည်သူတွေကို တာဝန်ခံခိုင်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အယူအဆတရပ် ဖြစ်ပါတယ်။ Rule of law ဆိုတာ ဘာလဲ ဆိုတဲ့ အချက်အပြင် Rule of law မှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်သလဲ ဆိုတာကို ကြည့်ရင် ပိုပြီး ရှင်းလင်းသွားပါလိမ့်မယ်။
ပထမဦးဆုံးအနေနဲ့ Rule of law ရဲ့ အရေးကြီးတဲ့ အချက်တွေထဲက တခုကို ဖော်ပြချင်ပါတယ်။ ဥပဒေစနစ်တခုဟာ ခန့်မှန်းနိုင်ရမယ်၊ ရှင်းလင်းပြတ်သားရမယ်၊ လူအားလုံးအတွက် လက်လှမ်းမီနိုင်ရပါမယ်။ ဆိုလိုတာကတော့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ကောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားရပါမယ်။ လူတဦးချင်းစီတိုင်းကို သူတို့ရဲ့ ဥပဒေရေးရာ အခွင့်အရေးတွေ၊ တာဝန်တွေဟာ ဘာတွေပါ ဆိုတာမျိုး သိနားလည်အောင် လုပ်ပေးရမှာပါ။ ဥပဒေတွေဟာ လူအားလုံးအတွက် လက်လှမ်းမီစေရမယ် ဆိုတာကလည်း လူမှုစီးပွားဘဝတွေနဲ့ အခြားသောအချက်တွေ (လိင်၊ အသားအရေ၊ လူမျိုး စသဖြင့်) ကို အခြေခံပြီး ခွဲခြားဆက်ဆံတာမျိုး မရှိစေရပါဘူး။ ဥပဒေရဲ့ အုပ်ချုပ်မှုအောက်မှာ လူအားလုံးဟာ တရားမျှတမှုကို ရှာဖွေခွင့် ရှိရပါမယ်။ သူတို့ရဲ့ အခွင့်အရေးတွေကို ခုခံကာကွယ်နိုင်ခွင့် ရကြရပါမယ်။
Rule of law ရဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ဥပဒေရေးရာ ဆုံးဖြတ်ချက်တွေဟာ ဓမ္မဓိဋ္ဌာန် ကျရပါမယ်။ ဘက်လိုက်မှုမရှိရပါဘူး။ ပုဂ္ဂိုလ်စွဲအရ၊ နိုင်ငံရေးအစွဲအရ အဆုံးအဖြတ် ပေးလိုက်တာမျိုး မဖြစ်ရပါဘူး။ ဆိုလိုတာကတော့ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ သမာသမတ် ရှိရပါမယ်။ ဘယ်သူဘယ်ဝါမို့ဆိုပြီး ရှုံ့ချည်နှပ်ချည်၊ အလျှော့အတင်းလုပ် ဆုံးဖြတ်လို့ မရပါဘူး။ ဥပဒေဟာ လူအားလုံးအပေါ် တပြေးညီဖြစ်နေစေရပါမယ်။ ဒါ့အပြင် ဥပဒေရေးရာ ဆုံးဖြတ်ချက်တွေဟာ အချက်အလက်တွေ၊ သက်သေခံချက်တွေ အပေါ်မှာသာ အခြေခံရပါမယ်။ ကောလာဟလတွေ၊ လူပြောသူပြော ကြားဖူးနားဝတွေ၊ အတင်းအကျပ် လုပ်ယူထားတဲ့ ဝန်ခံချက်တွေအပေါ်မှာ အခြေမခံရပါဘူး။ ဒီနည်းအားဖြင့် ဥပဒေစနစ်ဟာ မျှတပြီး တန်းတူညီမျှ ဖြစ်လာမှာပါ။ လူတဦးချင်းစီဟာ ဥပဒေလုပ်ငန်းစဉ်တွေအပေါ် ယုံကြည်မှုရှိလာကြမှာ ဖြစ်ပါတယ်။
နောက်ထပ် အလားတူ အရေးကြီးတဲ့အချက် ရှိပါတယ်။ ဥပဒေရေးရာ ဆုံးဖြတ်ချက်တွေကို မျှတပြီး သမာသမတ်ကျတဲ့ လုပ်ငန်းစဉ်တွေကနေ ချမှတ်ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ခုခံလျှောက်လဲဖို့၊ သက်သေတင်သွင်းဖို့ ပြုလုပ်ရာမှာ မျှတတဲ့အခွင့်အရေးတွေ၊ အများပြည်သူရှေ့ ပွင့်လင်းမြင်သာစွာ ကြားနာစစ်ဆေးမှုတွေ ပေးရမှာပါ။ အခြားသော အချက်အလက်တွေထက် ဥပဒေနဲ့ အမှုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုသာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် တရားမျှတမှုကို ဖြစ်ပေါ်စေသလို တဖက်သတ် ကြားနာဆုံးဖြတ်တာမျိုးလုပ်တဲ့ အခြေအနေမျိုးကနေ ကင်းဝေးသွားစေမှာပါ။
နောက်ဆုံးတချက်ကတော့ အဲဒီလို မျှမျှတတ စစ်ဆေးကြားနာပြီး ဆုံးဖြတ်လိုက်တဲ့ ဥပဒေရေးရာ ဆုံးဖြတ်ချက်တွေကို ဒီအတိုင်း ပစ်ထားလို့မရပါဘူး။ အကောင်အထည်ဖော် ဆောင်ရွက်ရမှာပါ။ ဆိုလိုတာကတော့ ဥပဒေတွေ၊ ဥပဒေရေးရာ ဆုံးဖြတ်ချက်တွေကို နိုင်ငံတော်အာဏာအရ အကောင်အထည်ဖော်သင့်ဖော်၊ ပြစ်ဒဏ်ချမှတ်သင့်တာ ချမှတ်ရမှာ ဖြစ်ပါတယ်။ ဥပဒေစနစ်တခုမှာ လုပ်ပိုင်ခွင့်အာဏာနဲ့ နည်းလမ်း ရှိရပါတယ်။ ဒါမှလည်း အစိုးရ အပါအဝင် ပြည်သူတွေဟာ သူတို့လုပ်ဆောင်ချက်တွေအတွက် တာဝန်ယူ၊ တာဝန်ခံကြမှာပါ။ အခုလို တရားရုံးဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဘာအာဏာမှ မရှိဘူးဆိုရင် Rule of law ဟာ အဓိပ္ပာယ်မရှိပါဘူး။
Rule of law ဟာ ဘယ်အချိန်မှာ စပေါ်ခဲ့သလဲ။
Rule of law သမိုင်းကို သိချင်ရင် ဥပဒေစနစ်တွေ စတင်ခဲ့တဲ့ သမိုင်းကို သိထားရမှာပါ။ ဥပဒေစနစ်တွေဟာ ရှေးခေတ်ယဉ်ကျေးမှုတွေ စတင်ခဲ့တဲ့ ဂရိ၊ ရောမနဲ့ တရုတ်တို့မှာ ဖြစ်ပေါ်တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် Rule of law ရဲ့ သမိုင်းဟာလည်း အဲဒီခေတ်တွေကတည်းက စတင်လာပြီလို့ ပြောရမှာပါ။ ဒါပေမဲ့ ယနေ့ခေတ်မှာ နားလည်နေကြတဲ့ rule of law သဘောတရားကတော့ ဥရောပက ဉာဏ်အလင်းပွင့်ခေတ် (Age of enlightenment) ကျမှ ပေါ်ပေါက်ခဲ့တာပါ။ ဉာဏ်အလင်းပွင့်ခေတ်ရဲ့ ဒဿနဆရာတွေဖြစ်တဲ့ ဂျွန်လော့ခ်နဲ့ မွန်တက်စကျူး တို့ဟာ ဥပဒေဆိုတာ အစိုးရရဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေအပေါ် စစ်ဆေးဟန့်တားရမယ် ဆိုတဲ့ အယူအဆကို ဖွံ့ဖြိုးစေခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာလည်း Rule of law ဟာ နိုင်ငံတကာနယ်ပယ်အထိ စိတ်ဝင်စားမှု ရှိနေကြပါတယ်။ အဖွဲ့အစည်းတွေ၊ အစိုးရတွေဟာလည်း Rule of law ရဲ့ သဘောတရားတွေ၊ တန်ဖိုး စံတွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Rule of law ဟာ တည်ငြိမ်ပြီး ဒီမိုကရေစီကျတဲ့ လူ့အဖွဲ့အစည်းတွေအတွက်တော့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေဆဲပါပဲ။ လူ့အခွင့်အရေးတွေ၊ လူမှုရေးတိုးတက်မှုတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေအတွက် အခြေခံအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။
Rule of law လို့ ဆိုလိုက်ရင် Rule of law နဲ့ စကားလုံးအရ နီးစပ်ပေမဲ့ အဓိပ္ပာယ် အယူအဆအရ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စကားလုံးတခု ရှိပါတယ်။ အဲဒါကတော့ Rule by law ဖြစ်ပါတယ်။ Rule by law ကို မြန်မာဘာသာပြန်ထားတာ မတွေ့ဖူးပါဘူး။ ဥပဒေဖြင့်ဖိနှိပ်ခြင်း၊ (ဝါ) ဥပဒေကို အလွဲသုံးစားပြု အုပ်ချုပ်ခြင်းလို့ ဘာသာပြန်လို့ရမယ် ထင်ပါတယ်။ Rule of law နဲ့ ကွာခြားချက်လေးတွေကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။
Rule of law မှာ အောက်ပါအချက်တွေ ရှိပါတယ်။
-ဥပဒေအထက်ဘယ်သူမှမရှိ
Rule of law အရ တရားမျှတတဲ့ ဥပဒေတွေကပဲ အမြင့်ဆုံးအာဏာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် ဘယ်သူမဆို တရားဥပဒေကို လိုက်နာကြရပါတယ်။ ဥပဒေကို လိုက်နာဖို့ တာဝန်ရှိကြပါတယ်။ ပြောနေကျ စကားတခွန်းဖြစ်တဲ့ “ဥပဒေအထက် ဘယ်သူမှမရှိ” ဆိုသလိုပါပဲ။
-တန်းတူညီမျှမှုနဲ့ တရားမျှတမှု
Rule of law အရ ဘယ်သူမဆို တရားဥပဒေအရ တန်းတူဆက်ဆံခံရပိုင်ခွင့်၊ အကာအကွယ် ရပိုင်ခွင့်တွေ ရှိပါတယ်။ တရားမျှတမှုတွေ၊ ဘက်မလိုက်မှုတွေနဲ့ တရားနည်းလမ်းကျတဲ့ စစ်ဆေးမှုတွေကို ပေးအပ်ထားပါတယ်။
-ပွင့်လင်းမြင်သာမှုနဲ့ ကြိုတင်ခန့်မှန်းနိုင်မှု
ဥပဒေနဲ့ ဥပဒေလုပ်ထုံးတွေဟာ ရှင်းလင်းတယ်၊ လက်လှမ်းမီတယ်၊ နားလည်ရလွယ်တယ်။ ပြည်သူအားလုံးအပေါ် တသတ်မတ်တည်း ကျင့်သုံးပါတယ်။ အဲဒီ ဥပဒေတွေကိုလည်း လူသိရှင်ကြား ထုတ်ပြန်ကြတယ်။ ဒါကြောင့် ပြည်သူတွေကလည်း အလွယ်တကူနဲ့ နားလည်ပြီး လိုက်နာနိုင်ပါတယ်။ ဘာလုပ်ရင် ဘာဖြစ်မယ် ဆိုပြီး ဥပဒေကိုလည်း ကြိုတင် တွက်ဆနိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေ၊ တည်ငြိမ်မှုတွေ ရရှိစေပါတယ်။ ဒါဟာ ဥပဒေကို လေးစားလိုက်နာရာမှာလည်း လွယ်ကူအောင် ကူညီပေးပါတယ်။
-လွတ်လပ်တဲ့တရားစီရင်ရေး
နိုင်ငံရေးလွှမ်းမိုးမှုကင်းတဲ့ တရားစီရင်ရေးစနစ်ဟာလည်း Rule of law အောက်မှာသာ ရှင်သန်နိုင်တာပါ။ တရားစီရင်ရေးအဖွဲ့ဟာ ပြဋ္ဌာန်းထားပြီးသား တည်ဆဲဥပဒေတွေကို အနက်ဖွင့်ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဥပဒေတွေကိုလည်း ဘက်လိုက်မှုမရှိဘဲ အသုံးပြုနိုင်ပါတယ်။ တရားသူကြီးတွေဟာ ဥပဒေ မူသဘောတရားတွေ၊ သက်သေတွေအပေါ် အခြေခံပြီး ဥပဒေအရ ဆုံးဖြတ်လေ့ရှိပါတယ်။ ဒါတင်မကပါဘူး။ လွတ်လပ်တဲ့ တရားစီရင်ရေးဟာ အုပ်ချုပ်ရေးကဏ္ဍနဲ့ ဥပဒေပြုရေးကဏ္ဍက လုပ်ဆောင်ချက်တွေကိုလည်း ထိန်းကျောင်း စစ်ဆေးပါတယ်။
Rule of law ခိုင်မာတဲ့ နိုင်ငံတွေထဲမှာ ဂျာမနီ၊ ကနေဒါ၊ ဆွီဒင်တို့လည်း ပါဝင်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ခိုင်မာအားကောင်းတဲ့ ဥပဒေစနစ်တွေ ရှိသလို လွတ်လပ်မျှတတဲ့ တရားစီရင်ရေးစနစ်တွေလည်း ရှိပါတယ်။ တာဝန်ယူမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု တို့ကိုလည်း ဥပဒေအရ အကာအကွယ်ပေးထားပါတယ်။
ဒါတွေကတော့ Rule of law ရဲ့ အခြေခံဂုဏ်ရည်တွေပါ။ အခြားတဖက်မှာလည်း Rule by law က ဘာလဲဆိုတာကို ကြည့်လိုက်ရအောင်ပါ။
Rule by law
Rule by law ဟာ Rule of law နဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ Rule by law ဟာ ဥပဒေရေးရာ ယန္တရားတွေကို အာဏာရှိသူတွေရဲ့ လုပ်ဆောင်ချက်အတိုင်း တရားဝင်ဖြစ်စေဖို့ အသုံးချတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။
အာဏာရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေရဲ့ အခြေခံမူ သဘောတရားတွေ၊ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်တာ ဖြစ်ရင်တောင် ဥပဒေယန္တရားတွေက အကာအကွယ် ပေးထားတာပါ။ ဆိုရရင် Rule by law မှာ Rule of law ရဲ့ လက္ခဏာရပ်တွေ မပါပါဘူး။
-ဥပဒေကို ဖိနှိပ်ရေးယန္တရားအသွင် အသုံးချခြင်း
အာဏာပိုင်တွေရဲ့ အကျိုးစီးပွား ဆက်လက်တည်တံ့စေဖို့ တရားလက်လွတ် ပြုကျင့်တာတွေဟာ တရားကြောင်း သက်သေပြတဲ့နေရာမှာ ဥပဒေတွေကို ကိရိယာသဖွယ် အသုံးချပါတယ်။ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတို့ကို ကာကွယ်ပေးရမယ့် အလုပ်ကို မလုပ်တော့ပါဘူး။ ဥပဒေပြဋ္ဌာန်းရာမှာလည်း အာဏာပိုင်တွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ဟာတွေကိုပဲ ပြဋ္ဌာန်းပါတယ်။ အဲဒီဥပဒေတွေကို အသုံးချပြီး အတိုက်အခံအုပ်စုတွေကို ဖိနှိပ်ဖို့ ကြိုးပမ်းပါတယ်။ အဲဒီနည်းအားဖြင့် သူတို့ရဲ့အာဏာကို တောင့်တင်းခိုင်မာစေပါတယ်။
-ဥပဒေအကာအကွယ်ကို ကန့်သတ်ခြင်း
အပေါ်ယံကြည်ရင်တော့ Rule by law အရ ဥပဒေအကာအကွယ်တချို့ ပေးထားတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အခွင့်အရေးတွေကို ဖြတ်တောက်ပါတယ်။ သဘောထားကွဲလွဲခွင့်ကို ပိတ်ပင်ထားပါတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေဟာလည်း ပွင့်လင်းမြင်သာမှု မရှိသလို တရားနည်းလမ်းတကျ ဆောင်ရွက်ခွင့်လည်း မရှိပါဘူး။ ဆိုလိုတာကတော့ အဓိပ္ပာယ်ရှိတဲ့ ကုစားမှုမျိုး မရနိုင်ပါဘူး။
-အမှီအခိုကင်းတဲ့ တရားစီရင်ရေး မရှိခြင်း
Rule by law အရ တရားစီရင်ရေးစနစ်ဟာ အုပ်ချုပ်သူလူတစုရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ ချဲ့ထွင်ထားတဲ့ အာဏာသက်သက်ပဲ ဖြစ်ပါတယ်။ Rule by law အရ တရားသူကြီးဟာ သမာသမတ်ကျတဲ့ စီရင်ပိုင်ခွင့်ရှိသူတယောက် ဖြစ်မနေခဲ့ပါဘူး။ တရားရေး ဆုံးဖြတ်ချက်တွေဟာလည်း အာဏာရသူတွေရဲ့ အကျိုးစီးပွားရေးအတွက် ဆုံးဖြတ်ပေးတာချည်း ဖြစ်ပါတယ်။ ဥပဒေစနစ်ရဲ့ တည်ငြိမ်မှု၊ ယုံကြည်မှုကို လျော့ပါးစေခဲ့တာချည်း ဖြစ်ပါတယ်။
အာဏာရှင်နိုင်ငံတွေဟာ Rule by law အရ အုပ်ချုပ်ကြတာ များပါတယ်။ မြောက်ကိုရီးယားလို နိုင်ငံတွေမှာ ဥပဒေစနစ်ဆိုတာ အုပ်ချုပ်သူတွေရဲ့ လက်ကိုင်တုတ်အဆင့်ပဲ ဖြစ်ပါတယ်။
အဲဒီတိုင်းပြည်တွေမှာ ဥပဒေဆိုတာ ဘာလဲလို့မေးရင် ဥပဒေဆိုတာ အာဏာတည်မြဲဖို့ လုပ်ဆောင်ပေးတဲ့အရာပဲ ဖြစ်ပါတယ်။ အတိုက်အခံတွေကို ဖိနှိပ်တဲ့ ကိရိယာတခု၊ သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းတဲ့ ယန္တရားတခုထက် မပိုပါဘူး။ တရားမျှတမှု၊ တန်းတူညီမျှမှု၊ တာဝန်ခံမှု ဆိုတဲ့ တန်ဖိုးတရားတွေဟာ အာဏာရှင်တိုင်းပြည်တွေရဲ့ ဥပဒေစနစ်မှာ မရှိပါဘူး။
ဒါကတော့ Rule of law နဲ့ Rule by law ရဲ့ အခြေခံကွာခြားမှုတွေကို နှိုင်းယှဉ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကွာခြားချက်တွေကို သိထားတာကြောင့် အုပ်ချုပ်မှုစနစ်နဲ့ ဥပဒေစနစ်တွေရဲ့ အရည်အသွေးတွေကို အကဲဖြတ်ရာမှာ အများကြီး နားလည်စေနိုင်ပါတယ်။
လက်ရှိမှာရော Rule of law ရဲ့ အနေအထား ဘယ်လိုရှိပါသလဲ။
မကြာသေးခင်နှစ်ကာလတွေမှာ Rule of law ဟာ ကမ္ဘာ့နေရာအနံ့မှာ ခြိမ်းခြောက်မှုတွေ ရှိလာနေပါတယ်။ ခြိမ်းခြောက်မှုတွေဟာ တနိုင်ငံနဲ့တနိုင်ငံကြားမှာ အခြေအနေချင်းကတော့ မတူညီပါဘူး။ ဒါပေမဲ့ ယေဘုယျ အချက်တွေတော့ တွေ့ရပါတယ်။
တရားစီရင်ရေးလွတ်လပ်မှု တိုက်စားခံရခြင်း
Rule of law ရဲ့ အဓိကမဏ္ဍိုင်တွေထဲက တခုကတော့ လွတ်လပ်တဲ့ တရားစီရင်ရေးပါပဲ။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာ အဲဒီတရားစီရင်ရေးကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံနဲ့ ဝင်ရောက်စွက်ဖက် နေကြပါတယ်။ အုပ်ချုပ်ရေးပိုင်းကနေ တိုက်ရိုက်စွက်ဖက်သလို နိုင်ငံရေးအရ ရပ်တည်မှုတူမယ့် တရားသူကြီးတွေကို ခန့်အပ်ပြီး အဲဒီလိုနည်းနဲ့ တရားစီရင်ရေးရဲ့ လွတ်လပ်မှုအပေါ် ဝင်ရောက်စွက်ဖက်ကြပါတယ်။
မီဒီယာနဲ့ အရပ်ဘက်အဖွဲ့တွေအပေါ် တိုက်ခိုက်ခြင်း
Rule of law အတွက် အထောက်အပံ့ဖြစ်စေတဲ့ အရာတွေထဲမှာ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့တွေရဲ့ ကဏ္ဍဖြစ်ပါတယ်။ သူတို့တတွေဟာ သူတို့လုပ်ငန်းတွေအတွက် လွတ်လပ်စွာလုပ်ဆောင်ခွင့် ရှိသလို အာဏာရှိသူတွေကိုလည်း မတော်မတရား လုပ်တာတွေကိုလည်း ဝေဖန်ထောက်ပြလေ့ ရှိကြပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာ သတင်းစာလွတ်လပ်ခွင့်တွေကို ကန့်သတ်ဖို့ ကြိုးစားလာနေကြပါတယ်။ ဒီလိုပဲ အရပ်ဘက်အဖွဲ့တွေရဲ့ လုပ်ငန်းတွေအပေါ် ကန့်သတ်လာကြပါတယ်။
သူ့ဘက်/ကိုယ့်ဘက် အမြင်ဖြင့်ကြည့်ခြင်း
သူ့လူ/ကိုယ့်လူ ဆိုတဲ့အမြင်ကို နေရာတိုင်းမှာ စွဲကိုင်ထားခြင်းဟာလည်း Rule of law ကို ထိခိုက်စေပါတယ်။ အဲဒီလိုအမြင်မျိုးတွေကတဆင့် အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို သူ့လူ/ကိုယ့်လူ မှန်ပြောင်းတပ် ကြည့်ပါတော့တယ်။ ဥပဒေအရ ဆုံးဖြတ်ချက်ချရာမှာလည်း ဥပဒေအကြောင်းခြင်းရာ၊ အမှုဖြစ်အကြောင်းခြင်းရာတွေအပေါ် အခြေမခံတော့ဘဲ သူ့ဘက်တော်သား၊ သူ့ကိုထောက်ခံသူ၊ ကိုယ့်ဘက်တော်သား၊ ကိုယ့်ဘက်ကလူ စသဖြင့် ခွဲခြားရှုမြင်မှုတွေနဲ့ ကြိုတင်ဆုံးဖြတ်ကြပါတော့တယ်။ ဒီနည်းအားဖြင့် တရားစီရင်ရေးရဲ့ ဂုဏ်သိက္ခာနဲ့ တည်ငြိမ်မှုကို ထိခိုက်လာစေပါတော့တယ်။ တရားစီရင်ရေး ဆုံးဖြတ်ချက်တွေဟာလည်း ဘက်မလိုက်ဖို့၊ သမာသမတ်ရှိဖို့ ခဲယဉ်းလာပါတော့တယ်။
အမျိုးသားရေးဝါဒတွေနဲ့ ပေါ်ပြူလစ်ဇင် (လူပြိန်းကြိုက်ဝါဒ) ထွန်းကားလာခြင်း
အမျိုးသားရေးဝါဒနဲ့ လူပြိန်းကြိုက်ဝါဒတွေဟာ တချို့နိုင်ငံတွေမှာ ထွန်းကားလာနေပါတယ်။ အမေရိကန်လို ဒီမိုကရေစီခိုင်မာတယ်ဆိုတဲ့ နိုင်ငံမှာတောင် ထရမ့်ပ်လို လူပြိန်းကြိုက်ဝါဒီတွေ ပေါ်ထွက်လာခဲ့တာပါ။ ဒါဟာလည်း Rule of law ကို ခြိမ်းခြောက်မှုတခုပဲ ဖြစ်ပါတယ်။ နိုင်ငံတကာတန်ဖိုးစံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အားကောင်းမှုအပေါ် ထိခိုက်လာစေပါတယ်။ “မင်းတို့” နဲ့ “ငါတို့” ဆိုတဲ့အမြင်ကို အခြေခံတဲ့ ကမ္ဘာတခုကို တည်ဆောက်ဖို့ ကြိုးပမ်းလာနေကြပါတယ်။
နိဂုံးချုပ်အားဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာမှာ Rule of Law ဟာ မရှိမဖြစ် လိုအပ်တဲ့ အယူအဆတရပ် ဖြစ်တာကြောင့် Rule of law က ဘာလဲဆိုတာ သိထားဖို့လိုသလို rule of law ကို ခိုင်မာအားကောင်းဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် Rule of Law နဲ့ Rule by law တွေကို သိထားတဲ့အတွက် အစိုးရတရပ်၊ အုပ်ချုပ်ရေးစနစ်တခုဟာ ဘယ်ဆီကို လျှောက်လှမ်းနေတယ် ဆိုတာကို အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။
သပြေညို