ရှေ့သို့ဆက်ချီ၊ ပန်းတိုင်ဆီထိ
CDM များ၊ ဆက်၍သွားနေ
ဒုက္ခတွေကြား၊ အောင်ပွဲများစေသတည်း။ ။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူမှု ကိုဆန့်ကျင်သည့်အနေဖြင့် ဌာနဆိုင်ရာက ဝန်ထမ်းအားလုံးနီးပါးဟာ လုပ်ငန်းခွင်ပြန်မဝင်ဘဲ Civil Disobedience Movement (CDM) လှုပ်ရှားမှုများကိုပြုလုပ်ပြီး အလုပ်ယာယီရပ်ဆိုင်းခဲ့ကြပါတယ်။ လခစားဝန်ထမ်းဆိုတာ ပုံမှန်ဝင်ငွေရှိတော့ တပတ်မှာ ဘယ်လောက်သုံးမယ်၊ တလဆို ဘယ်မျှကုန်တယ်၊ ဘယ်လိုစုမယ် စသည်ဖြင့် စားဝတ်နေရေးမှာ ပုံမှန်လည်ပတ်နိုင်သလောက် နေထိုင်လို့ရတဲ့ အခြေအနေကနေ ၂၀၂၁ ဧပြီလနောက်ပိုင်းကစပြီး လစာမဲ့သွားကြလေတော့ အခက်ကြုံရတာတွေ အနည်းနဲ့အများ ရှိတော့တာပေါ့လေ။
CDM ဝင်ပြီး ပုံမှန်လစာ မရှိတော့တဲ့နောက် လုပ်ငန်းသစ်အမျိုးမျိုးကို မကြုံစဖူး ထူးကဲစွာနဲ့ ကြိုးကြိုးစားစား လုပ်ကြပါတယ်။ CDM ဝန်ထမ်းတွေဟာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျောင်းတွေမှာ ဝင်ရောက် လုပ်ကိုင်ခွင့် မရတဲ့အပြင် ပြည်ပထွက်ခွာခွင့်ကိုပါ ပိတ်ပင်ထားခံရတဲ့သူတွေပါ။ အဲဒီတော့ ကိုယ့်ပညာနဲ့ ကိုက်ညီတဲ့ အလုပ်ရဖို့ဆိုတာ မလွယ်တော့ဘူးပေါ့ရှင်။ ဒါပေမယ့်လည်း လစာကို ဂရုမစိုက်၊ အသက်ကို ပဓာနမထားဘဲ အမှန်တရားဘက်ကိုသာ ဆက်လက် ရပ်တည်တိုက်ပွဲဝင်မယ့် အာဂ CDM သူရဲကောင်းတွေပါပဲရှင်။
ဝင်ငွေရဖို့အတွက် အများစုက ဈေးရောင်းကြရတာပေါ့။ အချို့ကတော့ သူ့အဆက်နဲ့သူ စားဝတ်နေရေး ပြေလည်ရင်ပြီးရော လောင်းကစားဒိုင်တွေမှာ စာရေးဝင်လုပ်ကြတယ်။ ဆရာ ပီသသူ အများစုက အားနာတက်တယ်၊ အခွင့်ရေးမယူဘူး၊ မမှန်တာမလုပ်ဘူး၊ အဲဒီလိုဆိုတော့ များသောအားဖြင့် တော်လှန်ရေးကာလမှာ ဈေးသည်လုပ်ရတာနဲ့က အဆင်ပြေမနေဘူးရှင်။
၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး CDM အများစုဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ရောက်မှန်းမသိ ရောက်လာကြတယ်။ CDM တွေကိုယ်တိုင်နဲ့ CDM မိသားစုဝင်တွေထဲက အချို့ဟာ ရောဂါအခံရှိလို့ ဆေးပုံမှန်သောက်နေရသူတွေရှိတယ်။ ဆေးဈေးတွေကတက်၊ ဝင်ငွေက ပုံမှန်မရှိတော့ သောက်နေကျ ဆေးကိုတောင် ပုံမှန်ဝယ်မသောက်နိုင်ကြတော့ပါဘူး။ နောက်ပြီးတော့ စိတ်ထောင်းတော့ ကိုယ်ကျေ ဆိုသလို နေလို့မှ မကောင်းရင်လည်း ဆေးခန်းဆရာမဆီကိုတောင် မပြဘဲနဲ့ အိမ်သုံးဆေးဝါးလေးနဲ့ပဲ ဖြစ်သလိုကုပြီး အသက်ဆက် နေထိုင်နေရသူတွေ ရှိနေပါတယ်ရှင်။
၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာတော့ မြို့တွေမှာ စားသုံးဆီ၊ စက်သုံးဆီတွေကို အလွယ်တကူ ဝယ်ယူလို့ မရတော့ပါဘူး၊ တအိမ်ထောင်ကို ဘယ်လောက်ရမယ်ဆိုပြီး အကန့်အသတ်နဲ့ တန်းစီပြီး ဝယ်ယူကြရပါတယ်။ ပိုက်ဆံရှိသူတွေက တန်းမစီဘဲ အလုပ်သမားငှားပြီး လူစားထိုး တန်းစီခိုင်းပြီး ဆီရဖို့အရေး လုပ်နေကြပါပြီ။ ငွေကြေးကျပ်တည်းနေတဲ့ CDM အချို့ဟာ အငှားတန်းစီသူ အလုပ်သမား လုပ်ကြတော့တာပေါ့။ အချို့ကတော့ ဆီ တန်းစီပြီး အမြတ်နဲ့ ရောင်းစားကြပါတယ်။ တနေ့ကို လေးကြိမ် တန်းစီးရတယ်၊ ရတဲ့ဆီကို အပြင်မှာ အမြတ်နဲ့ ရောင်းရတယ်။ တနေ့ကို တသောင်းလောက်တော့ ရကြတယ်ဆိုပဲ၊ လူအုပ်ကြားထဲမှာ နေပူမရှောင်၊ မိုးရွာမရှောင်နဲ့ အလှည့်ကျ တန်းစီယူရမယ့်ဆီကို မရ ရအောင် သိက္ခာမဲ့စွာနဲ့ စည်းကမ်းဖောက်ပြီး တိုးဝှေ့ ယူရမယ့်အလုပ်ကို ဆရာပီသတဲ့လူတိုင်း ဘယ်လုပ်ချင်ပါ့မလဲရှင်။ ဒါပေမဲ့လေ ဒီလိုမှ မလုပ်ရင် ထမင်းငတ်မယ့်အရေးမို့ အများမိုးခါးရေသောက်လို့ မသောက်ချင်ဘဲနဲ့ သောက်နေရတဲ့ CDM ဝန်ထမ်းအချို့ရှိတယ်ဆိုတာ ဇာတ်နာနေအောင် ရေးနေတာ မဟုတ်ပါဘူးရှင်။ ကျမတို့ရဲ့ ပတ်ဝန်းကျင်မှာ လက်တွေ့ ဖြစ်ပျက်နေတာတွေကို ဖောက်သည်ချ ပြောပြခြင်းပါပဲရှင်။
နောက်ပြီးတော့ ဇာတိရွာကနေ တိမ်းရှောင်ပြီး မြို့က အထည်ချုပ်စက်ရုံတွေမှာ ဝင်လုပ်နေကြတဲ့ CDM စက်ရုံ အလုပ်သမားတွေလည်း ရှိကြတယ်ရှင့်။ ကိုယ့်ထက် စီနီယာကျသူတွေ (အချို့က မူလတန်းပဲ ကျောင်းနေဖူးသူ) ရဲ့ မကြားဝံ့မနာသာ စကားတွေနဲ့ အဆူခံ၊ အငေါက်ခံပြီး မိုးလင်းကမိုးချုပ်ထိ မတ်တပ်ရပ်ပြီး စက်ရုံအလုပ်သမားလုပ်နေတဲ့ CDM တွေလည်း ရှိတယ်ရှင်။ ကျမတို့ ပညာရေးဝန်ထမ်း ကျောင်းဆရာ ဆရာမတွေလည်း CDM ဝင်ပြီးတဲ့နောက်ပိုင်းမှာ ဘဝကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းနိုင်လာတယ်၊ ငွေကို တန်ဖိုးထားတက်လာတယ်၊ ပညာအသစ်တွေရတယ်၊ မိတ်ဆွေ အသစ်တွေလည်းရတယ် စသဖြင့် အကောင်းဘက်ကတွေးကြည့်ပြီး ဘဝမျိုးစုံနဲ့ ဘဝရပ်တည်ရေးအတွက် အားမလျော့ဘဲနဲ့ ဓမ္မဘက်ကိုပဲ ရပ်တည်နေတဲ့ CDM သူရဲကောင်းတွေပါပဲရှင်။
ဒီလို ကြုံရတဲ့ အကြောင်းအရာတွေကို “ကြီးဒုက္ခပိုဓမ္မလိုလား CDM များ” ဆိုပြီး မှတ်တမ်းတင်ရေးသား လိုက်ရခြင်း ဖြစ်ပါတယ်ရှင်။
ပိုပြီး လေးစားစရာကောင်းတာက ဘယ်လောက်ပဲ ခက်ခဲ ရုန်းကန်နေရပါစေ (စားဝတ်နေရေးအပြင် အသက်ပါ ထိခိုက်နိုင်တဲ့အခြေအနေပါ)၊ ကျမတို့ ပညာရေးဌာနအပါအဝင် ဌာနပေါင်းစုံက CDM တွေဟာ ရှေ့သို့ချီတက် ဆက်လက်တိုက်ပွဲဝင်ပြီး မြန်မာ့သမိုင်းဝင် နွေဦးတော်လှန်ရေးကြီး အောင်မြင်သည်အထိ ဓမ္မကို လိုလားသော ပြည်သူများနှင့်အတူ CDM သူရဲကောင်းများ အဖြစ် ရပ်တည်လျက် ရှိနေပါကြောင်း ပြောပါရစေရှင်။
ဖီးနစ်မေ ( CDM ကျောင်းဆရာမ)