ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှိဘဟာ သူ့ပါတီအတွက် အောက်လွှတ်တော် မဲအများစုကို အရယူဖို့ ကြိုးပမ်းနေလို့ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်အောက်လွှတ်တော်ကို အောက်တိုဘာ ၉ ရက်မှာ တရားဝင် ဖျက်သိမ်းလိုက်ပါတယ်။
အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး မဲဆွယ်စည်းရုံးတာတွေကို အောက်တိုဘာ ၁၅ ရက် စတင်မှာ ဖြစ်ပါတယ်။
အီရှိဘဟာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ စက်တင်ဘာ ၂၇ ရက်က အနိုင်ရခဲ့ပြီး အောက်တိုဘာ ၁ ရက်မှာ LDP က ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ဒါဟာ ဂျပန်စစ်ပြီးခေတ်သမိုင်းမှာ ဝန်ကြီးချုပ်တာဝန်ယူချိန်နဲ့ အောက်လွှတ်တော်ကို ဖျက်သိမ်းချိန်ကြား အတိုဆုံးကာလဖြစ်ပါတယ်။
အောက်လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရမှသာ အီရှိဘဟာ LDP ပါတီအတွင်း စည်းလုံးညီညွတ်မှုကို အားကောင်းအောင် လုပ်နိုင်မယ်၊ ဒါ့အပြင် အီရှိဘရဲ့ အောက်လွှတ်တော်ကို မြန်မြန်ဆန်ဆန် ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်က အထွေထွေ ရွေးကောက်ပွဲမှာ LDP ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရကို ရင်ဆိုင်နိုင်ရေးအတွက် အတိုက်အခံပါတီတွေက စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့ ခက်ခဲစေလိမ့်မယ်လို့ တိုကျိုမြို့တော် ဟိုဆဲအိတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ရှိရတိုရိ ဟိရိုရှိက ပြောခဲ့ပါတယ်။
ဒီရွေးကောက်ပွဲဟာ LDP ပါတီရဲ့ နိုင်ငံရေးရန်ပုံငွေ အရှုပ်တော်ပုံတရပ် ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ ပေါ်ပေါက်လာပြီးတဲ့နောက် ပထမဆုံး အထွေထွေရွေးကောက်ပွဲ ဖြစ်ပါတယ်။
Source-Reuters