Home
မြန်မာသတင်း
တနင်္သာရီတွင် အငြိမ်းစားကျောင်းဆရာမ ၁ ဦး အသတ်ခံရ
DVB
·
October 10, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာက အငြိမ်းစားပင်စင်ယူထားတဲ့ ကျောင်းဆရာမတယောက် ဥယျာဥ်ခြံနေအိမ်အနီး အသတ်ခံထားရပြီး လက်သည်တရားခံတော့ မပေါ်သေးဘူးလို့ ဒေသခံတွေနဲ့ တနင်္သာရီမြို့နယ် ပအဖအဖွဲ့ဆီက သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၈ ရက် ညနေ ၅ နာရီခန့်က အသက် ၆၂ နှစ်အရွယ်ရှိ ဒေါ်စီစီနွယ်ကို နေအိမ်မှာ မတွေ့ရတဲ့အတွက် သားဖြစ်သူ အပါအဝင် မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ရာ ည ၈ နာရီခွဲဝန်းကျင်မှာတော့ နေအိမ်အနီး ကမ်းပါးနားမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ ဦးခေါင်းနဲ့ မျက်နှာမှာ ပုဆိန်လို လက်နက်အမျိုးအစားနဲ့ ခုတ်ဖြတ်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရပြီး ပျောက်ဆုံးစဥ် အချိန်တုန်းက ရာသီဥတုဆိုးဝါးပြီးတော့ တကူကျေးရွာမှာ မိုးသည်းထန်စွာ ရွာနေတယ်လို့ ကျေးရွာနေသူတွေက ဆိုပါတယ်။

ရွာခံအမျိုးသမီးတယောက်က “၅ နာရီခွဲလောက်က စပြီးပျောက်သွားတာပါ။ သားဖြစ်သူက ဆိုင်ကယ်ပြင်ဆိုင်မှာ အလုပ်လုပ်နေတာဆိုတော့ အိမ်က ၆ နာရီနောက်ပိုင်းလောက်မှ ပြန်တာပါ။ ၆ နာရီခွဲလောက် သူ့အိမ်ဘက်ကိုကြည့်လိုက်တော့ ဘုရားမီး ပူဇော်ထားတာလည်း မရှိ၊ တအိမ်လုံး မှောင်နေတော့ အိမ်မှာရှိရဲ့လားဆိုပြီး လာ‌ကြည့်တာ အိမ်မှာလည်းမရှိဘူး။ တခြားနေရာတွေများ သွားနေလားဆိုပြီး ဖုန်းဆက်မေးကြည့်လည်း မရောက်လာဘူးတဲ့။ ရှာရင်းနဲ့ မိုးတိတ်မှ သူ့အိမ်နားဘက်မှာ ပြန်တွေ့တယ်” လို့ ပြောပါတယ်။

ဒေါ်စီစီနွယ်ရဲ့ နေအိမ်ဟာ သူပိုင်ဆိုင်တဲ့ ဥယျာဥ်ခြံထဲမှာပဲ ဆောက်ထားပြီး သားဖြစ်သူ အလုပ်သွားတဲ့အချိန်မှာ တယောက်တည်းနေထိုင်လေ့ရှိကာ သူမပျောက်ဆုံးခင် အချိန်တုန်းက အိမ်နီးနားချင်းတချို့နဲ့ စကားပြောဆိုတာတွေ ရှိခဲ့သေးတယ်လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။

“မပျောက်ခင်မှာ ဥယျာဉ်ထဲမှာ ကွမ်းသီးပျောက်နေလို့ သူခိုးသွားချောင်းမယ်ဆိုပြီး ပြောနေတယ်လို့တော့ ကြားတယ်။”

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဖြစ်တဲ့အတွက် အဆိုပါလူသတ်မှုကို တနင်္သာရီမြို့နယ် ပအဖ ကနေ တာဝန်ယူ ကိုင်တွယ်ဆောင်ရွက်နေပြီး ဒေါ်စီစီနွယ်ကို သတ်ခဲ့တဲ့ လက်သည်တရားခံကိုလည်း အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်သွားမယ်လို့ တနင်္သာရီမြို့နယ် ပအဖက တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မိသားစုဝင်တွေက အမှုဖွင့်ချင်တော့ အလောင်းကိုမထိဘဲ ဒီဘက်ကို အကြောင်းကြားတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ လုံခြုံရေးတွေက သွားပြီးတော့ ဆေးစစ်ချက်ယူတာရှိတယ်၊ သူ့အိမ်မှာ နာရေးလုပ်တယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့က အခင်းဖြစ်နေရာသွားပြီး စစ်ဆေးတယ်။ ရဲတပ်ဖွဲ့က မဖွဲ့ထားဘူးဆိုတော့ ပလဖပဲ ရဲလုပ်ငန်း ဆောင်ရွက်နေတာပါ။ တရားခံဖမ်းမိပြီး စစ်ဆေးမှပဲ အကြောင်းစုံ ပိုသိနိုင်မှာပါ။”

လက်ရှိမှာတော့ သေဆုံးသူရုပ်အလောင်းကို နေအိမ်မှာ ထားရှိပြီးနောက် အောက်တိုဘာ ၁၀ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ မြေမြှုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာလည်း တနင်္သာရီမြို့နယ်အတွင်းမှာ လက်သည်တရားခံမပေါ်တဲ့ လူသတ်မှုဖြစ်စဥ်တွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုနှစ် မတ်လတုန်းကလည်း တနင်္သာရီမြို့နယ်က စစ်ကောင်စီအမြောက်တပ်ရင်းရှိတဲ့ ဇဝဲကျေးရွာအနီး ဖာနီကျေးရွာမှာ ဥယျာဥ်ခြံနေအိမ်အတွင်း လင်မယား ၂ ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ဖြစ်စဥ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013