Home
မြန်မာသတင်း
လားရှိုးတွင် Starlink အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
DVB
·
October 9, 2024
ဗုံးဒဏ်သင့် လားရှိုးမြို့

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ပေါ်မှာ အောက်တိုဘာ ၉ ရက် တရက်လုံး Starlink အင်တာနက်တွေသာမက ဖုန်းလိုင်းတွေပါ အကုန်ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီသတင်းပေးတွေ ရှိတာကြောင့်ဆိုပြီး ကိုးကန့်တပ်-MNDAA က Starlink အင်တာနက်တွေကို အောက်တိုဘာလဆန်းပိုင်းတည်းက အသုံးပြုခွင့် ပိတ်ပင်လိုက်ပေမဲ့ တချို့နေရာတွေမှာ ဖုန်းဆက်လို့ရခဲ့တယ်လို့ ဆိုပါတယ်။

မြို့ခံ ပရဟိအဖွဲ့ဝင်တယောက်က “လားရှိုးမှာ ၂ နေရာ ၃ နေရာလောက်က ဖုန်းလိုင်းရတယ်လေ။ အဲဒီနေရာတွေကနေ သွားသွားဆက်ကြရတာ။ ကျနော်က ကိစ္စတခုနဲ့ မြို့ပြင်ရောက်နေတာ။ မြို့ထဲကိုဆက်တာ မနက်တည်းက စက်ပိတ်တယ်ပဲ ပြောနေတယ်။ ဆက်သွယ်လို့မရသေးဘူး” လို့ DVB ကို ပြောပါတယ်။

လားရှိုးက လူမှုကူညီရေးအဖွဲ့တခုဖြစ်တဲ့ Freedom Youth Volunteers-FYV ကလည်း လားရှိုးမှာ အောက်တိုဘာ ၉ ရက် နေ့လယ်ကတည်းက ဖုန်းလိုင်းတွေ ပြတ်တောက်နေကြောင်းနဲ့ အဝေးရောက်သူတွေ စိတ်မပူကြဖို့ကို သူတို့ရဲ့ လူမှုကွန်ရက်မှာ သတိပေးရေးသားထားပါတယ်။

MNDAA ကတော့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးမြို့တွေက စစ်နယ်မြေမဟုတ်တဲ့ နေရာတွေကို ဇူလိုင်လကနေ စက်တင်ဘာ ၃၀ ရက်အထိ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၅ ကြိမ်၊ ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချခဲ့လို့ အရပ်သား ၃၁ ယောက်သေဆုံးကာ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦတွေ ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ဖို့ လားရှိုးမြို့ပေါ်က အချက်အလက်တွေကို စစ်ကောင်စီထံ သတင်းပေးသူ အယောက် ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013