
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက နေရာ ၂ ခုမှာ ရူပီးငွေ ၆၂ ကုဋေနီးပါး တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သူ ၃ ယောက် ကိုလည်း ဖမ်းမိခဲ့တဲ့အကြောင်း အာသံရိုင်ဖယ်တပ်က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။
သတင်းပေးချက်အရ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇိုတဲဧရိယာမှာ ရှောင်တခင် စစ်ဆင်ရေး ပြုလုပ်ခဲ့ရာရာ ရင်းဂစ် ၁ ဒသမ ၉၉ ကုဋေတန်ကြေးရှိတဲ့ ဟီးရိုးအင်း မူးယစ်ဆေးဝါးတွေနဲ့အတူ လူတဦးကိုပါ ဖမ်းမိခဲ့တာလို့ News18 သတင်းမှာ ဖော်ပြပါတယ်။
ဒုတိယ စစ်ဆင်ရေးကတော့ မဲလ်ဘုခ်ဧရိယာထဲမှာဖြစ်ကာ ရူပီးငွေ ကုဋေ ၆၀ လောက် တန်ကြေးရှိတဲ့ မက်သဖက်တမင်း စိတ်ကြွ မူးယစ်ဆေးပြား ၂ သိန်းကျော်ကို ဖမ်းမိခဲ့တာ ဖြစ်ကာ လူ ၂ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ တရားခံ ၃ ယောက်ကို ဖမ်းမိသက်သေတွေနဲ့အတူ ရဲစခန်းဆီ လွှဲပြောင်းထားပြီးတော့ ဉပဒေကြောင်းအရ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အခုဖမ်းဆီးရမိတဲ့ ဟီးရိုးအင်းနဲ့ မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံတောင်ပိုင်း အာသံ၊ အဲဒီကမှတဆင့် တခြားဒေသတွေဆီ ဖြန့်ဖြူးပို့ဆောင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
မီဇိုရမ်၊ အာသံတောင်ပိုင်းနဲ့ တြိပူရ အရှေ့မြောက်ပြည်နယ်သုံးခုဟာ မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာကြောင့် မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းတွေ ဖြစ်လာနေသလို မြန်မာနိုင်ငံဘက်ကနေ မကြာခဏ မှောင်ခိုတင်သွင်းနေကြပြီး အိန္ဒိယနိုင်ငံ တခြားဒေသတွေနဲ့ ပြည်ပကို ပို့ဆောင်တာတွေ လုပ်ဆောင်လာကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အခုကာလ အတောအတွင်းမှာပဲ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ပြည်နယ်အဆင့် မူးယစ်ဆေးဝါး ညှိနှိုင်းရေးစင်တာ ၈ ကြိမ်မြောက် အစည်းအဝေးကို မနေ့က ကျင်းပခဲ့ပြီး ပြည်နယ်အတွင်းရေးမှူးချုပ် ရေးနူးရှာမာက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍမှာ သက်ဆိုင်သူအားလုံး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့တာပါ။
မီဇိုရမ်ပြည်နယ် ရဲချုပ် လဘယာကန်းဂါ ခီယန်တီက ပြီးခဲ့တဲ့ ဩဂုတ်လအထိ မူးယစ်ဆေးဝါး အမှုပေါင်း ၆၄၀ မှု မှတ်ပုံတင်ထားပြီး လူ ၈၇၀ ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။