ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၅ ထိန်းချုပ်နယ်မြေ ဖာပွန်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၃ နှစ်အရွယ် ကလေးနဲ့ မိခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီခွဲနဲ့ ၄ နာရီမှာ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ် ဒေးလော်ပူရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။
ဗုံးကြဲခံရမှုကြောင့် အသက် ၂၅ နှစ်အရွယ် စောဖားနူးနဲ့ သမီးဖြစ်သူ အသက် ၃ နှစ်အရွယ် နော်မုနော် သေဆုံးခဲ့ရပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တယောက်လည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒေသခံတယောက်က “ညနေ ၃ နာရီခွဲလောက်က ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ နှစ်လုံး လာကြဲသွားတာ၊ သားအမိ ၂ ယောက်သေတယ်၊ ကလေးက ၃ နှစ်ပဲရှိသေးတယ်၊ နော်ဖူးငယ်ဆိုတဲ့ ကောင်မလေး ၁ ယောက်လည်း ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တဲ့အတွက် မူးမြို့နယ် ရွာသစ်ရွာက အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတယောက် ဦးခေါင်းထိမှန် သေဆုံးခဲ့ပါတယ်။