ယီမင်နိုင်ငံထဲက ဟူသီအုပ်စုဟာ အစ္စရေးအလယ်ပိုင်း ဂျက်ဖာမြို့က အရေးကြီးတဲ့ ပစ်မှတ်ကို အောက်တိုဘာ ၃ ရက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အခိုင်အမာ ပြောလိုက်ပါတယ်။
ဂျက်ဖာမြို့ဆီကို ဒရုန်းယာဉ်တွေ အများကြီး ပစ်လွှတ်ခဲ့ပြီး ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ ဟူသီပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီးက ပြောပေမဲ့ ပစ်မှတ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။
ဂါဇာကမ်းမြောင်နဲ့ လက်ဘနွန်တို့ကို တိုက်ခိုက်နေတာ ရပ်တန့်သွားတဲ့အထိ အစ္စရေးကို စစ်ရေးအရ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆာရီက ကတိပြုခဲ့ပါတယ်။
အစ္စရေးနိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းရဲ့ ကမ်းလွန်ဒေသမှာ သံသယဖြစ်ဖွယ် လေကြောင်း ပစ်မှတ်တခုကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုခဲ့ပါတယ်။
တနင်္ဂနွေနေ့က ယီမင်နိုင်ငံ ကမ်းရိုးတန်းဒေသ အယ်လ်ဟူဒေးဒါမှာ အစ္စရေး စစ်လေယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဟူသီအုပ်ချုပ်မှု အာဏာပိုင်တွေက ပြောပါတယ်။
မကြာသေးမီက ဟူသီတွေက အစ္စရေးရန်သူကို တိုက်ခိုက်ဖို့ နောက်ထပ် စစ်ရေး စစ်ဆင်ရေးတွေ လုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။
ဟူသီတွေကို ကျောထောက်နောက်ခံပေးနေတဲ့ အီရန်ကတော့ ဟူသီတွေအပေါ် အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို နိုင်ငံတကာဥပဒေချိုးဖောက်မှုအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းနေ ပါတယ်။
အောက်တိုဘာလက အစ္စရေးကို ဟားမတ်စ်တို့က တိုက်ခိုက်မှုကြောင့် လက်တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာကမ်းမြောင်းမှာ အစ္စရေးက ထိုးစစ်ဆင်ခဲ့လို့ ဒေသတွင်း တင်းမာမှုတွေ တိုးလာပြီး အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အများစုဖြစ်တဲ့ လူပေါင်း ၄၁၇၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
ဂါဇာက ပါလက်စတိုင်းတွေနဲ့ သွေးစည်းကြောင်းပြတဲ့ အနေနဲ့ လက်ဘနွန်က ဟဇ်ဘိုလာတွေက အစ္စရေးကို တိုက်ခိုက်ခဲ့လို့ စက်တင်ဘာ ၂၃ ရက်ကစပြီး ခုထိ လူပေါင်း ၁၁၀၀ ကျော် သေပြီး ၃၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
Source-Reuters