မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာရှိ ကုန်ထုတ်အကျဉ်းစခန်းအဝင် လုံခြုံရေးဂိတ် ကို အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းမှာ ဒေသခံတော်လှန်ရေးအဖွဲ့က အလစ်ဝင် တိုက်ခိုက်ခဲ့ရာ တပ်ကြပ်တဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ လမ်းမှာ စကားပြောနေတုန်း သေနတ်သံကြားလို့ ကြည့်လိုက်တော့ ဆိုင်ကယ်တစီးနဲ့ လူ ၂ ယောက်ထွက်သွားတာ တွေ့လိုက်တယ်။ အကျဥ်းစခန်းဘက်က ပြန်လည်ပစ်ခတ်တာတော့ မတွေ့ဘူး။ ဂိတ်စောင့်နေတဲ့ ဝန်ထမ်းတဦးတော့ ထိသွားတယ်” လို့ပြောပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် အကျဉ်းဦးစီးဌာနဝန်ထမ်း တပ်ကြပ် မြင့်ဇော်ဝင်း ယာတင်ပါး ကျည်ဖောက်ထွက် ဒဏ်ရာတချက် ရရှိခဲ့တာကြောင့် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသထားတယ်လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်သတင်းတွေမှာတော့ တောင်စွန်းကုန်ထုတ်အကျဉ်းစခန်းမှ အကျဉ်းထောင် တပ်ကြပ် မြင့်ဇော်ဝင်းဟာ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်အမျိုးအစား(စိစစ်ဆဲ) နဲ့ ရောက်ရှိလာပြီး ဂိတ်နဲ့ တဖာလုံအကွာခန့်သာရှိတဲ့ စိမ့်စမ်းမြိုင်ဘုန်းကြီး ကျောင်းဘက်မှ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေသခံတော်လှန်ရေးအဖွဲ့အနေနဲ့ လက်ရှိအချိန်အထိ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အလားတူ ဇန်နဝါရီ ၃၀ ရက် မနက်ကလည်း ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာရှိ ဝင်းတာပန်စစ်ကောင်စီစခန်းကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။