Home
မြန်မာသတင်း
ကျပ်ငွေဈေးမာပြီး ဒေါ်လာဈေး ၄၅၀၀ ဝန်းကျင်အထိ ကျလာ
DVB
·
October 8, 2024

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာဈေး ဆက်တိုက်ကျဆင်းနေပြီး တဒေါ်လာကို  ၄၅၀၀ ဝန်းကျင်အထိ  ပြန်ဆင်းနေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာတွေ သန်းချီ ထုတ်ရောင်းပြီး ဒေါ်လာဈေးကို ထိန်းချုပ်‌နေတာကြောင့် အခုလို ဒေါ်လာဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည် တည်ငြိမ်မှုမရှိတာကြောင့် ကျပ်ငွေဈေး ရေရှည်မမာနိုင်ဘူးလို့ စီးပွားရေးစောင့်‌ကြည့်သူတွေက သုံးသပ်ကြပါတယ်။

“ရောင်းပေး‌နေလို့ ခဏပြန်ကျတဲ့သဘောပါ။ တိုင်းပြည် တည်ငြိမ်မှုမရှိမှ‌တော့  ‌ရေရှည်ကျဖို့ မလွယ်ပါဘူး” လို့ ငွေကြေးဈေးကွက်လေ့လာသူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပို့ကုန်ကဏ္ဍ ကျဆင်းမှုနဲ့အတူ ပို့ကုန်ကရတဲ့ နိုင်ငံခြားဝင်ငွေတွေလည်း လျော့နည်းကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျလာတဲ့အပြင် နိုင်ငံတကာ အထောက်အပံ့တွေလည်း မရတော့တာကြောင့် ဒေါ်လာ လိုအပ်ချက် မြင့်တက်နေပါတယ်။

ဒါကြောင့် နိုင်ငံငွေ‌ခြားငွေ အကျပ်ရိုက်နေတဲ့ စစ်ကောင်စီကလည်း ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေတွေကို တဒေါ်လာ ၂၁၀၀ ကျပ်နှုန်းနဲ့ ရာခိုင်နှုန်းသတ်မှတ်ပြီး အတင်းအကျပ် လဲလှယ်စေခိုင်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီရာခိုင်နှုန်း သတ်မှတ်ချက်ပမာဏကို တဖြည်းဖြည်း လျှော့ချ‌ပေးခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်အတွင်းမှာတော့ အရင်က ပို့ကုန်ရငွေ စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်း လဲခိုင်းနေရာကနေ ၂၅ ရာခိုင်နှုန်းကို လျှော့ချပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်လာဈေး‌တွေက ဆက်တိုက် မြင့်တက်လာခဲ့ပြီး ဩဂုတ်လမှာတော့ တဒေါ်လာ ၇၀၀၀ ကျပ်အထိ ထိန်းမရအောင် မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကွက်ထဲကို ဒေါ်လာ သန်းရာချီပြီ ဆက်တိုက် ထုတ်ရောင်း‌ပေးတဲ့အပြင် ဘဏ်အတိုးနှုန်း‌တွေကိုလည်း တိုးမြှင့်ပြီး ဒေါ်လာဈေးကို ဆွဲချဖို့ ကြိုးစားနေတာပါ။

“ဒေါ်လာဈေးကျတာကောင်းပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းပါကျရင် ပိုကောင်းတာပေါ့။ အခုက ကုန်ဈေးနှုန်းတွေက မကျဘူး” လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဒုတိယအပတ်မှာ ဒေါ်လာဈေးက ၃၃၀၀-၃၄၀၀ ဝန်းကျင် ရှိခဲ့ပြီး နှစ်ကုန်အထိ ၃၅၀၀ ဝန်းကျင်မှာ ငြိမ်နေခဲ့ပါတယ်။ ၂၀၂၄ နှစ်ဆန်းမှာတော့ တက်ရိပ်ပြလာပြီး မတ်လမှာတော့ ၃၈၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေါ်လာဈေးက တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး ဩဂုတ်လ အရောက်မှာတော့ ၇၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013