နယ်သာလန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ရူဘန် ဘရက်ကယ်မန်စ်က သူ့နိုင်ငံဟာ ယူကရိန်းနိုင်ငံထဲမှာ အဆင့်မြင့် ဒရုန်းတီထွင်မှုအတွက် ယူရိုသန်း ၄၀၀ နဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရင်းနှီးမြှုပ်နှံပြီး လာမယ့်လတွေအတွင်း F-16 တိုက်လေယာဉ်တွေ အများအပြား ပို့ဆောင်ပေးမယ်လို့ အောက်တိုဘာ ၆ ရက်က အံ့အားသင့်စရာ အလည်အပတ်ခရီးအတွင်း ပြောလိုက်ပါတယ်။
ဒရုန်းလုပ်ဆောင်ချက် အစီအစဉ်ဟာ စစ်မြေပြင်မှာသုံးမယ့် နည်းပညာ တိုးတက်စေဖို့ ယူကရိန်းရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ဒတ်ခ်ျလူမျိုးတို့ရဲ့ အသိပညာတို့ကို ပေါင်းစပ်ပေးမယ်လို့လည်း သူက ပြောပါတယ်။
တီထွင်ထုတ်လုပ်ထားတဲ့ ဒရုန်းတွေ အောင်မြင်ရင် ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ ရန်ပုံငွေ ပိုရမယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
နယ်သာလန်ဟာ ယူကရိန်းကို ရုရှကျူးကျော်မှု စတည်းက ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှု ယူရို ၁၀ ဘီလီယံ ကတိပြုခဲ့ပြီး ယခုအချိန်အထိ ယူရို ၄ ဘီလီယံလောက် သုံးစွဲခဲ့ပြီးပါပြီ။
ရုရှားဗုံးတွေ ကျခဲ့တဲ့ ခါခိဗ်မြို့ဆီ သွားပြီးနောက် စနေနေ့မှာ ဒတ်ချ်ဝန်ကြီးက ရုရှားမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်တာဟာ မြို့ကို ခုခံကာကွယ်ဖို့ တခုတည်းသော နည်းလမ်းလို့ ပြောခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အနောက်မဟာမိတ်တွေရဲ့ လက်နက်တွေကို သုံးခွင့်ပေးဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုပေးဖို့ လုပ်ဖော်ကိုင်ဖက်တွေကို တောင်းဆိုထားပါတယ်။
Source-Reuters