ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ရဲ့ မြို့လယ်မှာ အောက်တိုဘာ ၃ ရက်က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ချီတက်ခဲ့ကြပြီး ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့ပေးနေတဲ့ ဂျာမန်အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြကာ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေကို မီးထိုးလှုံ့ဆော်ပေးနေမှုအတွက် အနောက်နိုင်ငံတွေကို ဝေဖန်ခဲ့ကြပါတယ်။
ချီတက်ပွဲဟာ ဂျာမန်စည်းလုံးညီညွတ်ရေးနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် ပါဝင်သူတွေဟာ တီယာဂါတန်ပန်းခြံဆီကို လမ်းကြောင်း ၃ သွယ်ခွဲကာ မြို့ကိုဖြတ်ပြီး ခပ်တိတ်တိတ် ချီတက်လာရင်း ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကို သံတမန်နည်းအရ ဖြေရှင်းကြဖို့ တစည်းတလုံးတည်း တောင်းဆိုခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးကို မြှင့်တင်တယ်ဆိုတဲ့ ကိစ္စမှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂ ၂ ရပ်လုံးရဲ့ လုပ်ဆောင်ချက်အပေါ် မကျေနပ်ကြောင်း ဆန္ဒပြသူတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။
“အမေရိကန်တွေက ငြိမ်းချမ်းရေးကို တကယ်ကာကွယ်နေတာမဟုတ်ဘူး ဆိုတာကို အခုမြင်တွေ့နေရပြီး ဥရောပသမဂ္ဂအနေနဲ့လည်း ငြိမ်းချမ်းရေးကို အကာအကွယ်ပေးဖို့ နေရာချထားမှု အားကောင်းတယ်လို့ မမြင်ရကြောင်း” ဆန္ဒပြသူ အူလ်ရိခ်ကဲ ဂီးရော့ထ်က ပြောပါတယ်။
နိုင်ငံတနိုင်ငံအနေနဲ့ ဘာပဲလုပ်လုပ် လက်နက်တွေ ပေးပို့တာကိုတော့ ရပ်တန့်သင့်တယ်လို့ ဆိုပါတယ်။
ပြင်းထန်လာတဲ့ စစ်ပွဲတွေနဲ့ အဲဒီရဲ့ ပဋိပက္ခလှိုင်းလုံးတွေ သက်ရောက်မှုကြောင့် မကြာသေးမီနှစ်တွေအတွင်း ဂျာမန်လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရဲ့စီးပွားရေးကို သိသိသာသာ သက်ရောက်မှု ရှိလာခဲ့ပြီး နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအကျပ်အတည်းတွေအတွက် သံတမန်နည်းလမ်းနဲ့ ချက်ခြင်းဖြေရှင်းကြဖို့ ပဋိပက္ခဖြစ်နေသူတွေ၊ ပါဝင်ပတ်သက်နေသူတွေနဲ့ အနောက်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
Source-Reuters