ထိုင်ဝမ်ရေလက်ကြားကို လွန်ခဲ့တဲ့လက ဖြတ်သန်းခဲ့တဲ့ ဂျာမန်ရေတပ်သင်္ဘောတွေဟာ တရုတ်သင်္ဘောတွေဆီက အနီးကပ်စစ်ဆေးမှုနဲ့ ရေဒီယိုသတင်းတိုတွေကို ထပ်ခါတလဲလဲ လက်ခံရရှိခဲ့တယ်လို့ ဂျာမန်လုပ်ငန်းအဖွဲ့ တပ်မှူးက အောက်တိုဘာ ၂ ရက်မှာ ပြောကြားခဲ့ပြီး အန္တရာယ်မကင်းတဲ့ အပြုအမူမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ဖရီးဂိတ်စစ်သင်္ဘော FGS ဘာဒန် ဝါ့တ်တမ်ဘာ့ဂ်နဲ့ ထောက်ပံ့ပို့ဆောင်ရေးသင်္ဘော FGS ဖရန့်ဖွတ်ထ်အာမိုင်းတို့ဟာ တရုတ်ရေယာဉ်တွေ နောက်ယောင်ခံလိုက်တာ ခံခဲ့ရတယ်၊ တောင်တရုတ်ပင်လယ် ရေပိုင်နက်ဟာ ဥပဒေအရ သူတို့ပိုင်တယ်ဆိုတဲ့ ရေဒီယိုသတင်းစကားတွေကိုလည်း တရုတ်ရေယာဉ်တွေက ပေးပို့ခဲ့တယ်လို့ ဂျာမန်ရေတပ်ဗိုလ်ချုပ်ကြီး အက်ဇယ် ရွှိုက်ဇ်က ပြောခဲ့ပါတယ်။
ဂျာမန်သင်္ဘောတွေကလည်း သူတို့ ဘယ်သူဘယ်ဝါဆိုတာ တုံ့ပြန်ခဲ့ပြီး နိုင်ငံတကာ ရေပိုင်နက်တွေထဲမှာ လွတ်လပ်စွာ သွားလာခွင့်ကို ကျင့်သုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဂျာမန်သင်္ဘော ၂ စင်းဟာ သူတို့နိုင်ငံရဲ့ ဒုတိယမြောက် အင်ဒို-ပစိဖိတ်တပ်ဖြန့်မှုရဲ့ တစိတ်တပိုင်းအဖြစ် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ စစ်ရေးလေ့ကျင့်ဖို့နဲ့ ပင်လယ်ပြင်လွတ်လပ်မှု ရရှိစေရေးအတွက် စစ်ဆင်ရေးတရပ်အဖြစ် အဲဒီမှာရှိနေခဲ့တာလို့ ရွှိုက်ဇ်က ပြောပါတယ်။
သူတို့ဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပြီးတဲ့နောက် ဖိလစ်ပိုင်နိုင်ငံဆီ ခရီးဆက်ခဲ့ကြပြီး ဗုဒ္ဓဟူးနေ့မှာ စင်ကာပူနိုင်ငံဆီ ဦးတည်ခဲ့ကြပါတယ်။
စင်ကာပူနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး ဘက်တီနာ ဖန်ဟန်နယ်က ဒေသတွင်း ဂျာမန်သင်္ဘောတွေရှိနေဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
ဒေသတွင်း မိတ်ဖက်တွေအတွက် ဂျာမနီနိုင်ငံရဲ့ ကတိကဝတ်ကို ပြနိုင်ပြီး အင်ဒို-ပစိဖိတ် ဒေသတွင်း အရေးပါတဲ့ အကျိုးစီးပွားတွေ ရှိနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source-Reuters