ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ မြင့်မြတ်တဲ့ နယ်မြေတခုဖြစ်ပြီး ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေး လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အခမ်းအနားကို ပေကျင်းမြို့တော်က ပြည်သူ့ခန်းမမှာ ကျင်းပတဲ့ ဧည့်ခံပွဲအတွင်း ရှီက အမှာစကား ပြောရင်း ခုလိုပြောလိုက်တာပါ။
ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းခြင်းဟာ ရှောင်လွှဲလို့ မရဘူးလို့လည်းရှီက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ထိုင်ဝမ်ရေလက်ကြားမှာ အချုပ်အခြာအာဏာနဲ့ တရားစီရင်ပိုင်ခွင့်ကို တရုတ်နိုင်ငံက ကျင့်သုံးတယ်လို့ ရှီက ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောတွေရဲ့ တဝက်လောက် ဖြတ်သန်းသွားလာနေတဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ထိုင်ဝမ် ရေလက်ကြားဟာ အပြည်ပြည်ဆိုင်ရာ ရေလမ်းဖြစ်တယ်လို့ အမေရိကန်နဲ့ ထိုင်ဝမ်တို့က ပြောပါတယ်။
တရုတ်နိုင်ငံ အမျိုးသားနေ့ကို နှစ်စဉ် အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပလေ့ ရှိပါတယ်။
Source-Reuters