ပါကစ္စတန်နိုင်ငံတောင်ပိုင်း၊ ကရာချိမြို့ နိုင်ငံတကာလေဆိပ်နားမှာ အောက်တိုဘာ ၆ ရက် ညက ပေါက်ကွဲမှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း ရုပ်မြင်သံကြားဌာန Geo News က ထုတ်ပြန်ပါတယ်။
ဘာကြောင့်ပေါက်ကွဲရတယ်ဆိုတာကို ချက်ချင်းမသိရသေးဘူးလို့ သတင်းဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။
နိုင်ငံခြားသားတယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံခြားသားယာဉ်တန်းလည်း ပေါက်ကွဲလုနီးနီး ဖြစ်ခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။
ပေါက်ကွဲတဲ့နေရာက အပျက်အစီးတွေကြားမှာ ထိခိုက်ထားတဲ့ ကားတွေနဲ့ အရေးပေါ်လုပ်သားတွေက ကူညီနေတဲ့ပုံတွေကို ရိုက်တာသတင်းဌာနရဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။
အင်ဂျင်နီယာတွေ အပါအဝင် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး မော်တော်ကားပေါ်က ဖောက်ခွဲရေးပစ္စည်းတွေကို သုံးပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ခွဲထွက်ရေး စစ်သွေးကြွအဖွဲ့ ဖြစ်တဲ့ ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် (BLA) က သတင်းထောက်တွေဆီ အီးမေးလ်နဲ့ ပေးပို့လာတဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
BLA စစ်တပ်ဟာ ပါကစ္စတန်ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပြီး အာဖဂန်နစ္စတန်နဲ့ အီရန်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘာလူချီစတန် ပြည်နယ်အတွက် လွတ်လပ်ရေးရအောင် တိုက်နေတာပါ။
ဩဂုတ်လတုန်းက ပြည်နယ်အတွင်း တိုက်ခိုက်ခဲ့မှုတွေကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။
BLA ဟာ တရုတ်အကျိုးစီးပွားကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး အထူးသဖြင့် အာရေဗျပင်လယ် ကမ်းရိုးတန်းက ဂွါဒါမြို့ရဲ့ မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းကို ပါကစ္စတန် အစိုးရက အသုံးချဖို့ တရုတ်ပြည်မကြီးအစိုးရက ကူညီနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
BLA ဟာ ဒေသထဲမှာ လာအလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့ပြီး ကရာချိမြို့က တရုတ်ကောင်စစ်ဝန်ရုံးကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
Source-Reuters