ပါကစ္စတန်အာဏာပိုင်တွေဟာ အကျဉ်းကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို ထောက်ခံသူတွေရဲ့ အစိုးရဆန့်ကျင်ရေး ချီတက်ပွဲကို တားဆီးဖို့ အောက်တိုဘာ ၄ ရက်မှာ မြို့တော် အစ္စလာမ်မာဘတ်ကို ပိတ်ဆို့ထားပြီး ဆဲလ်ဖုန်းဝန်ဆောင်မှုတွေကိုလည်း ပိတ်ဆို့ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့က မြို့တော်မှာ လူစုဝေးမှု မှန်သမျှကို တားမြစ်ထားချိန်မှာ အစ္စလာမာဘတ်ရဲ့ ဝင်ပေါက် ထွက်ပေါက်တွေကို သင်္ဘောကွန်တိန်နာတွေနဲ့ ပိတ်ဆို့ထားပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရန်တပ်ဖွဲ့ဝင် အများအပြားက စောင့်ကြပ်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အင်မ်ရန်ခန်းရဲ့ (PTI) ပါတီမှ ထပ်တိုးခန့်အပ်ထားတဲ့ အတွင်းရေးမှူးချုပ် ဖာဒပ်စ်ရှာမင်းမ်နာ့ခ်ဗီ က “သူဟာ ခေါင်းဆောင်အင်မ်ရန်ခန်းရဲ့ တောင်းဆိုချက်နဲ့ ကရာချိကနေ ဒီးချုက်ခ် ဒီမိုကရေစီရင်ပြင်ကို ရောက်ရှိနေကြောင်းနဲ့ သူဟာ သမိုင်းမှာ တခါမှ မကြုံခဲ့ရဖူးသလို ဒီနေ့ခေတ်မှာ မမြင်ဖူးသေးတဲ့ အစ္စလမ်မာဘတ်ရဲ့ မြင်ကွင်းကို တွေ့ဖူးသွားပါပြီ။ မြို့တော်ဟာ အစ္စလာမ်မာဘတ် မဟုတ်တော့ပဲ ကွန်တိန်နာဘတ် ဖြစ်နေပါပြီ”လို့ ပြောသွားပါတယ်။
အောက်တိုဘာ ၃ ရက်နှောင်းပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး မိုဆင်န် နာ့ခ်ဗီက အစ္စလာမ်မာဘတ်ကို ဝင်တိုက်ဖို့ ခွင့်မပြုသလို ပါကစ္စတန်နိုင်ငံသားတွေအနေနဲ့ အဲဒီလို ပြုမူဖို့ မသင့်တော်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါကို တယောက်ယောက်က လုပ်လိုက်မယ် ဆိုရင် သူဟာ နောက်ဆက်တွဲကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး ဆိုတာကိုလည်း ကြိုပြောထားလိုက်တယ်လို့လည်း ဆိုပါတယ်။
သောကြာနေ့က ထုတ်ပြန်ချက်တစ်ခုမှာ အစ္စလာမာဘတ် ရဲတပ်ဖွဲ့ဟာ မြို့တော်အတွင်း ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖို့ ကြိုးပမ်းသူတိုင်းကို အရေးယူမှာဖြစ်ပြီး လူစုလူအုပ် စုဝေးပွဲ မှန်သမျှကို တားမြစ်ထားကြောင်း သတိပေးထားပါတယ်။
Source-Reuters