Home
နိုင်ငံတကာ
လတ်ဗီယာနိုင်ငံရှိ NATO တပ်စခန်းတွင် တာဝန်ထမ်းဆောင်ရန် ဆွီဒင်တပ်များ ပြင်ဆင်
DVB
·
October 7, 2024
Photo - REUTERS/ Tom Little

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) မှာ ပါဝင်ပြီးတဲ့နောက်ပိုင်း ပထမဆုံး နိုင်ငံရပ်ခြား နေတိုး တပ်ဖြန့်မှုရဲ့ တစိတ်တပိုင်းအဖြစ် လတ်ဗီးယားနိုင်ငံဆီ သွားဖို့ ပြင်ဆင်နေတဲ့ ဆွီဒင်တပ်ဖွဲ့ဝင်တွေဟာ တာဝန်ကျရာနေရာကို သွားရောက် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အောက်တိုဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။

ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ လတ်ဗီးယား ကာကွယ်ရေးဝန်ကြီး အန်ဒရေစပရုဒ်စ်နဲ့ ဆွီဒင်နိုင်ငံတောင်ပိုင်းက စစ်အခြေစိုက်စခန်းမှာ တွေ့ဆုံခဲ့ပြီး လတ်ဗီးယားနိုင်ငံထဲက NATO တပ်ဖွဲ့အတွက် ထောက်ပံ့မယ့် စစ်သား အယောက် ၆၀၀ ပါတဲ့ တပ်ဖွဲ့ရဲ့ သရုပ်ပြပွဲကို တက်ရောက်ခဲ့ပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းသူတွေနဲ့ ပညာသည် စစ်သည်တွေ လိုက်ပါလာတဲ့ သံချပ်ကာယာဉ်တွေဟာ ဝန်ကြီးတွေကို သရုပ်ပြသနေချိန်မှာ လေ့ကျင့်ခန်းဧရိယာထဲက အဆောက်အအုံတစ်ခုကို ဝင်စီးနင်း သရုပ်ပြခဲ့ပါတယ်။ 

ကနေဒါက ဦးဆောင်မယ့် တပ်မဟာ တစိတ်တပိုင်းအနေနဲ့ နေတိုးရဲ့ Forward Land တပ်ဖွဲ့တွေမှာ ပါဝင်ဖို့ တပ်ရင်းမှ ကျွမ်းကျင်စစ်သား ၆၀၀ လောက်ဟာ လတ်ဗီးယားနိုင်ငံဆီကို ၂၀၂၅ ခုနှစ်အစောပိုင်းမှာ သွားမယ်လို့ ဆွီဒင်အစိုးရက ပြောခဲ့ပါတယ်။ 

လတ်ဗီယာ ကာကွယ်ရေးဝန်ကြီးက “NATO အဖွဲ့ဝင်ဖြစ်တာကြောင့် ဆွီဒင်ကို အရမ်းကျေးဇူးတင်ပြီး ဝမ်းသာမိပါတယ်၊ ဒါဟာ မဟာမိတ်တခုလုံးကို အားကောင်းစေမယ့် သမိုင်းဝင် ဆုံးဖြတ်ချက်တခုလို့ ကျနော် ထင်ပါတယ်၊ ဒါဟာ ဒေသတွင်းကိုလည်း အားကောင်းစေပါတယ်” လို့ အခြေစိုက်စခန်းဆီ လာရောက်လည်ပတ်ချိန်မှာ ပြောခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော် ဝင်ရောက်မှုဟာ ဘက်မလိုက်နိုင်ငံ ဆွီဒင်အတွက် အမျိုးသားလုံခြုံရေးမူဝါဒကို ပြန်စဉ်းစားဖို့ တွန်းအားဖြစ်ခဲ့တာပါ။ 

၂၀၂၄ ခုနှစ် မတ်လမှာတော့ ဆွီဒင်ဟာ မဟာမိတ်အဖွဲ့ဝင်အဖြစ် NATO အဖွဲ့ထဲ ဝင်ရောက်ခဲ့ပါ တော့တယ်။ ဆွီဒင်အစိုးရဟာ ဆယ်စုနှစ် နှစ်ခုအတွင်း နေတိုးနဲ့ ပိုမိုနီးကပ်လာခဲ့ပေမယ့် အနှစ် ၂၀၀ ကျော်ကြာအောင် ဆွီဒင်ဟာ စစ်မဟာမိတ်တွေကို ရှောင်ရှားပြီး စစ်အတွင်း ဘက်မလိုက်တဲ့ ရပ်တည်ချက်ကို ကိုင်စွဲခဲ့တဲ့ အတိတ်သမိုင်းရှိခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013