Home
နိုင်ငံတကာ
ယူကရိန်းကို NATO အဖွဲ့ ဝင်ခွင့်ပေးမှု စစ်ကြေညာခြင်းဖြစ်ဟု ရုရှားပြော
DVB
·
July 17, 2024
Photo - Sputnik/Alexei Maishev/Pool via REUTERS.

ယူကရိန်းကို NATO အဖွဲ့ထဲ ဝင်ခွင့်ပေးတာဟာ NATO က ရုရှားကို စစ်ကြေညာတာဖြစ်ကြောင်း ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ်က ပြောပါတယ်။

မက်ဗီဒက်ဗ်ဟာ ရုရှားနိုင်ငံလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ယူကရိန်းက NATO အဖွဲ့ဝင် ဖြစ်လာမှာက ရုရှားရဲ့ လုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေတယ်လို့ ဆိုပါတယ်။

မက်ဗီဒက်ဗ်က  “ယူကရိန်းနိုင်ငံဟာ NATO အဖွဲ့ထဲကို ဝင်ဖို့ကိစ္စ ကြန့်ကြာနေပေမဲ့လည်း ဒီကိစ္စကို ချုံပြီးပြောရမယ်ဆိုရင် NATO အဖွဲ့က ရုရှားကို စစ်ကြေညာတာပါ။ ရုရှားကို ဆန့်ကျင်တဲ့သူတွေက နှစ်ပေါင်းများစွာ အတိုက်အခံပြုလုပ်ခဲ့ပြီး သူတို့ရဲ့ မဟာမိတ်အင်အား ချဲ့ထွင်တာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် NATO ထိပ်သီးအစည်းအဝေးမှာ  ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်နိုင်ငံအဖြစ် ထည့်သွင်းဖို့ ကတိပြုခဲ့တာပါ။

ရုရှားဟာ NATO အဖွဲ့ဝင်နိုင်ငံတွေကို ခြိမ်းခြောက်မှု မပြုလုပ်ပေမဲ့ မဟာမိတ်အဖွဲ့တွေက ရုရှားရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်လာမယ်ဆိုရင် တုံ့ပြန်မှုပြုလုပ်မယ်လို့ မက်ဗီဒက်ဗ်က ရည်ရွယ်ထားပါတယ်။

၂၀၀၈ ကနေ ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ် ဆောင်ရွက်ခဲ့တဲ့  မက်ဒီဒက်ဗ်က ယူကရိန်းကို အမေရိကန်နဲ့ အနောက်အုပ်စုတို့က အဖွဲ့ဝင်အဖြစ် ထည့်သွင်းတာဟာ နျူးကလီးယားစစ် ဖြစ်ပြီး ကမ္ဘာပျက်ကိန်းကို ဦးတည်နေတယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် NATO အဖွဲ့ခေါင်းဆောင်အဖြစ် မာ့ခ်ရူတေးကို ခန့်အပ်တာက မဟာမိတ်တွေအတွက် ရပ်တည်ချက် ပြောင်းလဲမှုရှိမှာ မဟုတ်ကြောင်းလည်း မက်ဗီဒက်ဗ်က ထပ်မံပြောဆိုပါတယ်။

ဆိုဗီယက်ရဲ့ ကျူးကျော်စစ်ကို ကာကွယ်ဖို့ NATO အဖွဲ့ကို ဒုတိယကမ္ဘာစစ်အပြီးမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013