ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက ရွာငယ်တရွာကို ရုရှားတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပြီး ယူကရိန်းတပ်တွေကို ဆက်ပြီးတိုက်ခိုက်နေတဲ့ ထပ်တိုးရလဒ်တွေကို မီးမောင်းထိုးပြသွားပါတယ်။
ဒန်ညက်စ်မြို့ အနောက်ဘက် မြစ်တလျှောက် ရွာတွေထဲက တရွာဖြစ်တဲ့ ယူရိုချေနေရွာကို တနင်္ဂနွေနေ့မှာ သိမ်းယူခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ အခိုင်အမာ ကြေညာချက်အပေါ် ယူကရိန်း အာဏာပိုင်တွေက ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။
ယူကရိန်းစစ်တပ်က စစ်ဦးစီးချုပ်တွေက ဒန်ညက်စ်ဒေသထဲက ပေါ့ခ်ရော့ဗ်စ်ခ်ဒေသမှာ ရုရှားရဲ့ အပြင်းအထန် တိုက်ခိုက်မှုကို တနင်္ဂနွေနေ့က အစီရင်ခံ တင်ပြခဲ့ပါတယ်။
ရုရှားကျူးကျော်သူတွေက အမြတ်ထုတ်ဖို့ တွန်းအားပေးနေချိန် ရှေ့တန်းတလျှောက်မှာ အပြင်းထန်ဆုံး အခြေအနေကို ဖန်တီးခဲ့ပါတယ်။
“ရုရှားတွေဟာ နိုဗိုလက်ခ်စန်ဒရစ်ဗ်ခါ အပါအဝင် နယ်မြေ ၅ ခုက စစ်စခန်းတွေကို ၃၅ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး နိုဗိုဒေလစ်ဗ်ခါ ပါရှာနဲ့ နိုဗိုလက်ခ်စန်ဒရစ်ဗ်ခါ ဒေသတွေထဲမှာ တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားနေပြီး အခြေအနေက တင်းမာနေတုန်းပဲ။ ကျနော်တို့ရဲ့ခံစစ်က ရန်သူကို တားထားကြပါတယ်” လို့ ယူကရိန်းစစ်တပ်က အစီရင်ခံပါတယ်။
ရုရှားနိုင်ငံဟာ သူ့နိုင်ငံအနောက်ဘက်နဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ တညအတွင်း ယူကရိန်းဒရုန်း ၂၂ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားနယ်စပ်က ဘရိုင်းယန့်စ်ခ်ဒေသမှာ ဒရုန်း ၁၅ စင်း၊ ခရိုင်းမီးယားမှာ ၆ စင်းနဲ့ လစ်ပက်စ်ခ်ဒေသတလျှောက်မှာ ဒရုန်း ၁ စင်း ပစ်ချခံခဲ့ရပါတယ်။
သီးခြားအားဖြင့် ကာ့စ်ခ် အုပ်ချုပ်ရေးမှူးက နောက်ထပ် ယူကရိန်းမောင်းသူမဲ့လေယာဉ် ၃ စင်း အဲဒီနေရာမှာ ပျက်ကျခဲ့တယ်လို့ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူ့တပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်ခ်ဒေသထဲက ယူရိုချေနေရွာကို သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း အတည်ပြုခဲ့မယ်ဆိုရင် ဖေဖော်ဝါရီနောက်ပိုင်း မဟာဗျူဟာကျတဲ့ အဗ်ဒီးဗ်ခါကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဆက်တိုက်ဆိုသလို နောက်ဆုံးသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်လာမှာပါ။
Source-Reuters