ဂျော်ဒန်မှာရှိတဲ့ ကန့်ကွက်သူတွေက အမ်မန်မြို့ လမ်းပေါ်ထွက်ပြီး ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေ ကို ထောက်ခံခဲ့ကြပါတယ်။
အစ္စရေး-ပါလက်စတိုင်းစစ်ဟာ အောက်တိုဘာ ၇ ရက်မှာ ၁ နှစ်ပြည့်မှာဖြစ်ပြီး စစ်ပွဲတွေနဲ့ အနီးစပ်ဆုံးမှာရှိတဲ့ ဂျော်ဒန်နိုင်ငံက ကန့်ကွက်သူတွေက လမ်းပေါ်ထွက် ထောက်ခံမှု ပြုလုပ်ခဲ့တာပါ။
ပါလက်စတိုင်းတွေကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ ဂျော်ဒန်နဲ့ ပါလက်စတိုင်းအလံတွေကို ဝေ့ယမ်းပြီး ကြွေးကြော်သံတွေ သံပြိုင်ဟစ်ကာ မြို့ထဲမှာ ချီတက်ခဲ့တာပါ။
ဂါဇာအရေးနဲ့ပတ်သက်ပြီး ထောက်ခံမှုကို ဂျော်ဒန်နိုင်ငံမှာ ရက်သတ္တပတ်တိုင်းလိုလို ပြုလုပ်လေ့ရှိ တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
ဂျော်ဒန်နိုင်ငံဟာ အာရပ်-အစ္စရေးပဋိပက္ခမှာ ရိုက်ခတ်မှုခံရတဲ့ အဓိကနိုင်ငံလည်း ဖြစ်ပါတယ်။ ပါလက်စတိုင်းဒုက္ခသည် ၂ ဒသမ ၄ သန်းကို ဂျော်ဒန်နိုင်ငံမှာ လက်ခံထားတာတွေ့ရပါတယ်။
ဒါဟာ အစ္စရေးရဲ့ အိမ်နီးချင်းနိုင်ငံတွေအနက် ဒုက္ခသည်တွေ လက်ခံထားတဲ့ အများဆုံး အရေအတွက်ပဲဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံသားအများစုကလည်း ပါလက်စတိုင်းတွေဖြစ်တယ်လို့ လည်း ဆိုပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးမှု ၄၁၈၀၂ ဦးအထိ မြင့်တက်ခဲ့ကြောင်း သောကြာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်က လူ ၁၄ ဦးသတ်ခဲ့ပြီး ၅၀ ကျော်ဒဏ်ရာရစေခဲ့တယ်လို့ ဆိုပါတယ်။
ပါလစ္စတိုင်း-အစ္စရေးပဋိပက္ခဟာ အောက်တိုဘာ ၇ ရက်မှာ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ဒဏ်ရာရရှိသူ ၉၆၈၄၄ ဦး ရှိပါတယ်။
အစ္စရေးက ပြီးခဲ့တဲ့အောက်တိုဘာလက အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်ရဲ့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူအားလုံးကို သတ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
အစ္စရေးတွေ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ လူ ၄၀၀၀၀ ကျော်ဟာ ပြည်သူတွေဖြစ်တယ်လို့ ဂါဇာအခြေစိုက် အာဏာပိုင်တွေက ဆိုပါတယ်။
Source-Reuters