မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာ ပျူစောထီးစခန်းက ပျူစောထီးတယောက် အောက်တိုဘာ ၄ ရက် မနက်ပိုင်းက လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာက ပျူစောထီးအဖွဲ့ဝင်တယောက်ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ရဲမြတ်စိုးဟာ မြိုင်ပကဖအဖွဲ့ဝင်တွေကို ကြိုတင်ချိတ်ဆက်ထားကာ ကင်းစောင့်ရချိန်အတွင်း ထွက်ပြေးလာခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
“သူက ကျနော်တို့အဖွဲ့နဲ့ ချိတ်ဆက်ထားပြီး ကင်းစောင့်ရတဲ့အချိန်မှာ သူနဲ့အတူ ကင်းကျနေတဲ့ စစ်သားဆီက သေနတ်နဲ့ ခဲယမ်းတွေပါ ယူဆောင်ပြီး ဒီမနက် ၈ နာရီမှာ အလင်းဝင်လာတာပါ။”
အလင်းဝင်ရောက်လာတဲ့ ရဲမြတ်စိုးနဲ့အတူ M4 ကာဘိုင်အမျိုးအစား သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၆၃ တောင့်၊ ကာဘိုင်ကျည် ၄ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ၆၀ မမ အဖူးတဖူးနဲ့ ဟန်းဖုန်းတလုံးတို့ကို ယူဆောင်လာခဲ့ကြောင်း သိရပါတယ်။
ပေါက်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာတွေကို မြိုင်-ပေါက် ပူးပေါင်းကာကွယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် စစ်ကြောင်းဝင်ရောက်မှု နည်းပါးလာပြီး ဝင်ရောက်လာတဲ့ စစ်ကြောင်းတွေကို ပူးပေါင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြိုင်ပကဖထံက သိရပါတယ်။
ပေါက်မြို့နယ်၊ ဇီးပြား (ပျူစောထီး) ကျေးရွာနဲ့ တရော်ကိုင်း (ပျူစောထီး) ကျေးရွာထဲက စစ်ကောင်စီတပ်သားတွေအနေနဲ့ ကျေးရွာအပြင်ဘက်ကို ထွက်ခွာလာပါက အသေပစ်ခတ် တိုက်ခိုက်မှာဖြစ်သလို ချိတ်ဆက်ပြီး လက်နက်နဲ့ အလင်းဝင်ရောက်လာပါက ကောင်းမွန်စွာ ထိန်းသိမ်းထားမှာဖြစ်ကြောင်းလည်း မြိုင်ပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အလားတူ ဇီးပြားကျေးရွာကနေ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာသူ ပျူစောထီး စုစုပေါင်း အယောက် ၄၀ ထိရှိပြီဖြစ်ကြောင်း သိရပါတယ်။