Home
မြန်မာသတင်း
ကပစ ၂၅ က တပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
DVB
·
September 26, 2024
photo Crd-Saw PDF

မကွေးတိုင်း၊ ဆောမြို့နယ်အခြေစိုက် ကပစ ၂၅ က စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ စက်တင်ဘာ ၂၄ ရက်က အလင်းဝင်ရောက်လာတယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း (Saw PDF) ကနေ သိရပါတယ်။

Saw PDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “တပ်ကြပ်ကြီးအဆင့်ရှိပြီး ဆောအခြေစိုက်တဲ့ ကပစ ၂၅ ကပါ။ သူ့ကို ကျနော်တို့ဆီက သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေကိုလည်း ချီးမြင့်ပြီးလို့ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးဟာ MA 3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၆၀၊ ကျည်ဘောက် ၃ ခု၊ ကျည်ကာ ၁ ထည်တို့နဲ့အတူ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းဆီကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

Saw PDF ရဲ့ တာဝန်ခံတယောက်က “စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် စစ်မှုထမ်းနေရသူတွေ အပါအဝင်ပေါ့။ စစ်ကောင်စီအလိုကျ ပြည်သူ့အပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြသူတွေအနေနဲ့ ပြည်သူ့မျက်နှာ ပြည်သူ့နှလုံးသားကို ရှေးရှုပြီးတော့ ပြည်သူ့အလိုကျ ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံကြဖို့ အထူးတိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်ကလည်း ဆောမြို့က မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းဆီကို အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013