မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့၀င် ၁ ဦးဟာ ဇနီးဖြစ်သူနဲ့အတူ လက်နက်ခဲယမ်းတွေယူဆောင်ပြီး ဒီကနေ့ အောက်တိုဘာ ၂ ရက် မနက်အစောပိုင်းမှာ မြိုင် ပကဖ ဆီကို အလင်း၀င်ရောက်လာတယ်လို့ သိရပါတယ်။
မြိုင် ပကဖ ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “မြိုင်ရဲစခန်းက ရဲတပ်ကြပ်ကြီးအဆင့်ရှိတဲ့ ကိုအောင်ကို က သူ့ဇနီးနဲ့အတူ ဒီကနေ့မနက်ပိုင်းမှာပဲ ကျနော်တို့ဆီကို အလင်း၀င်ရောက်လာခဲ့တာ” လို့ ပြောပါတယ်။
ရဲတပ်ကြပ်ကြီးအောင်ကိုတို့ ဇနီးမောင်နှံဟာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၁၂၅ တောင့်တို့နဲ့အတူ အလင်း၀င်ရောက်လာကြတာလို့ ဆိုပါတယ်။
“သူတို့ဇနီးမောင်နှံရဲ့ ရှေ့ရေးကို သူတို့နဲ့တိုင်ပင်ပြီး အဆင်ပြေအောင် ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ။ အခုလည်း အစစအရာရာ အဆင်ပြေအောင် ထားပေးထားပါတယ်။ သတ်မှတ်ထားတဲ့ ဆုကြေးငွေပေးအပ်ဖို့လည်း ကျနော်တို့ စီစဥ်နေပါတယ်” လို့ မြိုင် ပကဖ ရဲ့ တာ၀န်ခံတယောက်က DVB ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသေးသူတွေအနေနဲ့လည်း အမြန်ဆုံး အလင်း၀င်ရောက်ကြဖို့နဲ့ အလင်း၀င်ရောက်လာကြသူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမယ့်အပြင် အလင်းဝင်လာကြသူတွေရဲ့ လုံခြုံရေးကို အပြည့်အဝတာဝန်ယူပြီး ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်သွားမယ်လို့လည်း မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။