ဘော့စ်နီးယားနိုင်ငံ ယာဘလန်နီဆာ မြူနီစီပယ်နယ်မြေထဲမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ အရေအတွက် မြင့်တက်လာခဲ့ပြီး ဒွန်ယာယာ့ဘလန်နီဆာ ကျေးရွာဘက်မှာ အကြီးအကျယ် ရေလွှမ်းမိုးမှုကြောင့် နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ရေထဲနစ်မြုပ် ပျက်စီးနေကြောင်းကို အောက်တိုဘာ ၄ ရက်က ဒရုန်းရိုက်ချက်တွေမှာ မြင်တွေ့ရပါတယ်။
မြို့တော် ဆာရာယေဗိုအနောက်တောင်ဖက် ၄၃ မိုင်အကွာရှိ ယာဘလန်နီဆာ မြို့ရဲ့ တချို့ နေရာတွေမှာ ရေအများစု ပြန်ကျဆင်းနေပြီး ကားလမ်း၊ ရထားလမ်းတွေ ပျက်စီးနေတာကြောင့် သွားရေးလာရေး ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
ဒေသခွဲ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူဒေဗစ် မားရစ်ခ်က သေဆုံးသူ ၁၆ ဦး ရှိပြီး အများစုဟာ ယာ့ဘလန်နီဆာ ဧရိယာမှာ ဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေရေး ဆက်လုပ်နေတယ်လို့ ရိုက်တာကို ပြောပါတယ်။
ဘော့စနီးယား၊ ဆာ့ဘ်နဲ့ ခရိုအေးရှားတို့ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ဖြစ်တဲ့ ဘော့စ်နီးယားရဲ့ လူမျိုးစုဥက္ကဋ္ဌဟာ ပိုကျယ်ဝန်းတဲ့ ယာ့ဘလန်နီဆာ ဧရိယာအတွက် စစ်ရေးအကူအညီ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
စိတ်ကျန်းမာရေးဆေးရုံမှ လူ ၁၇ ဦးကို ကယ်ဆယ်ရေး အပါအဝင် အင်ဂျင်နီယာတွေ၊ ကယ်ဆယ်ရေးတပ်ဖွဲ့တွေနဲ့ ရဟတ်ယာဉ်တချို့ကို ဖြန့်ကြက်ချထားခဲ့ပါတယ်။
မြေပြိုမှုကြောင့် တချို့နေအိမ်တွေဟာ ပြိုကျပျက်စီးသွားပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ဘော့စ်နီးယားမှာ အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ကြုံခဲ့ရဖူးတဲ့ အလားတူ ရေကြီးမှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
အိမ်နီးနားချင်း ခရိုအေးရှားနဲ့ ဆားဘီးယားတို့က ကယ်ဆယ်ရေးလုပ်ငန်းတွေ မှာ ဘော့စနီးယားကို အကူအညီ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
ခရိုအေးရှားမှာလည်း သောကြာနေ့က ရေကြီးမှုဒဏ်ကို ခံခဲ့ရပေမဲ့ အသေအပျောက်တော့ မရှိသေးပါဘူး။
ဘော့စနီးယားမှာ မကြုံစဖူး နွေရာသီမိုးခေါင်မှုအပြီး မြစ်ချောင်းရေကန်တွေ အများအပြား ခန်းခြောက်သွားလို့ ဘော်လ်ကန်ဒေသနဲ့ ဥရောပတခွင်ရှိ စိုက်ပျိုးရေးနဲ့ ရေပေးဝေမှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့အပြီးမှာ ရေလွှမ်းမိုးမှုတွေ ထပ်ကြုံရပြန်တာ ဖြစ်ပါတယ်။
Source-Reuters