စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ် အထက ၁ ကျောင်းဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီသားတွေ အောက်တိုဘာ ၃ ရက်ညက အရက်သောက်နေတုန်း ဗုံးနဲ့ ပစ်ခံရလို့ ၂ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
ကျောင်းကဘန်ကာထဲမှာ ည ၈ နာရီကျော်က အရက်ဝိုင်းဖွဲ့နေတုန်း လက်ပစ်ဗုံးနဲ့ အနီးကပ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကြိုတင်ထောက်လှမ်းထားခဲ့တယ်လို့ Zero ပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တယောက်က “ညပိုင်း အရက်သောက်နေတဲ့အချိန်ကို အလစ်ဝင်ပစ်ခဲ့တာပါ။ အသေအဆုံးအထိအခိုက်တော့ ရှိတယ်။ ကျနော်တို့ ပြန်ထောက်လှမ်းတဲ့ အခါ ၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့သိထားရတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော် အနည်းငယ်အသုံးပြုပြီး ပစ်ပြေးလုပ်ခဲ့တာကြောင့် အထိခိုက်တော့မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို TRUE Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့ ပူးတွဲလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ မြင်းမူမြို့ခံတယောက်က “စစ်သားတွေက အထက ၁ ကျောင်းထဲမှာ ဘန်ကာဆောက်ပြီးတပ်စွဲနေကြတာကြာပြီ။ ၄၊ ၅ ယောက်လောက် အမြဲနေကြတာ။ အဲဒီ ဘန်ကာထဲမှာ ညတိုင်းအရက်ဝိုင်းဖွဲ့တယ်။ အခုလည်း အဲဒီအရက်ဝိုင်းကို ဗုံးနဲ့ ထုသွားတာလို့ကြားတယ်။ ဗုံးကွဲသံကြားပြီး သေနတ်ပစ်သံတွေကြားသေးတယ်။ နောက်ပြီး သိပ်မကြာဘူး စစ်ကားတွေသွားတာပဲ။ စစ်သား ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရလို့ စစ်ကားတွေနဲ့ လာသယ်သွားတယ်ဆိုတာ နောက်နေ့မနက်မှသိရတာ” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုအပြီး စီးပွားရေးဘဏ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ မြို့ခံပြည်သူလူထုအပါအဝင် တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရရှိကြတာမရှိဘူးလို့လည်း သိရပါတယ်။
ဒေသခံတယောက်က “မနက်ခင်းကျတော့ ထ ၁ အဝင်ပေါက်အနီးကနေ ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်တယ်။ လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ကိစ္စတိုင်း ပြည်သူကို စစ်ဆေးမှုတော့ မပြုလုပ်သင့်ဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မြင်းမူမြို့က အထက ၁ မှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါသေးတယ်။