Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 4, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ၃ဝ၆ အမြောက်တပ်ကနေ စစ်ကြောင်းခွဲပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပကဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။

ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာဘက်ကို တောလမ်းကနေတဆင့် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၂ ရက် နေ့လယ် ၁၂ နာရီခန့်မှာ မြိတ်ပကဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီမြို့နယ်ပကဖ ဇုန် ၃ တို့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၅ ‌ေယာက် ကျဆုံးသွားတာကို တွေ့ရှိရတယ်လို့ မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က အတည်ပြုပြောဆိုခဲ့ပြီး DVB အနေနဲ့တော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါနေ့ မိုင်းဆွဲတိုက်ခိုက်မှုအပြီး ညနေပိုင်းမှာ ဘန်းလမွတ်ရွာအုပ်စု၊ ရမ်းဖိုရွာအနီး ကားပေါ်တက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်မှု လုပ်‌ဆောင်ခဲ့တယ်လို့ သိရကာ ထိခိုက်ကျဆုံးရှိပေမဲ့ အတည်ပြုနိုင်ခြင်း မရှိဘူးလို့ မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က ဆိုပါတယ်။

မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “၃ဝ၆ အမြောက်တပ်ကနေပြီး စစ်ကြောင်း ၂ ကြောင်းခွဲပြီးမှ တက်လာပါတယ်။ တကြောင်းက ပြည်ထောင်စုလမ်းမကြီးအတိုင်း လာပြီး တကြောင်းက တောလမ်းက တက်လာတာပါ။ အားလုံးပေါင်း ၁၀၀ ကျော်ရှိတယ်။ တောလမ်းကလာတဲ့ စစ်ကြောင်းကို ညောင်ပင်ကုန်းရွာအနီးမှာ မိုင်းဆွဲလိုက်တာပါ” လို့ ပြောပါတယ်။

အဲဒီ မော်တုန်းရွာအခြေစိုက် ၃ဝ၆ အမြောက်တပ်ကို အခုနှစ် စက်တင်ဘာ အစပိုင်းတည်းက စစ်ကောင်စီဘက်က တပ်သားအင်အားတွေ ဖြည့်တင်းလာတာ တွေ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီလောက်မှာ အနောက်မော်တုန်းကျေးရွာထဲကို ၃ဝ၆ အမြောက်တပ်ကနေ ဒရုန်းနဲ့ ဗုံးသီးတွေ လာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးသီးက စာသင်ကျောင်းပေါ်ကို တလုံးကျပြီး ကျောင်းဆောင်တခုလုံး ပျက်သွားသလို အဲဒီစာသင်ကျောင်းနဲ့ ဘေးချင်းကပ်လျက် နေအိမ်နားကို ဗုံးသီးတလုံးထပ်ကျကာ ပုခက်ပေါ်မှာအိပ်နေတဲ့ အသက် ၆ နှစ်အရွယ် မဂျူဝိုင်လီယာ ဆိုတဲ့ မိန်းကလေးရဲ့ ဦးခေါင်းကို ထိမှန်ကာ အသက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေနဲ့ ဒရုန်း၊ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်သူပေါင်း ၆,ဝဝဝ ကျော်အထိ ရှိခဲ့တယ်လို့ ‌စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013