Home
နိုင်ငံတကာ
ပါကစ္စတန်တွင် နိုင်ငံခြားသံတမန်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ရဲအရာရှိ ၁ ဦး သေဆုံး
DVB
·
September 23, 2024
Photo_Reuters

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းကို အလည်ရောက်နေတဲ့ နိုင်ငံခြားသံတမန်တွေရဲ့ ယာဉ်တန်းကို လမ်းဘေးမှာ ဗုံးထောင်ပြီး ဖောက်ခွဲတိုက်ခိုက်ခံရလို့ ရဲအရာရှိတယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးတဲ့နောက် စစ်သားတွေနဲ့ ရဲတွေက အဲဒီနေရာကို ရှာဖွေခဲ့ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အလားအလာရှိတဲ့ ခရီးသွားလုပ်ငန်းအတွက် နေရာတခုအဖြစ် ပြသဖို့ ဒေသတွင်း ကုန်သည်ကြီးတွေရဲ့ ဖိတ်ကြားချက်အရ သံတမန်တွေက ဆွက်ထ်ချိုင့်ဝှမ်းဆီ လာလည်ရင်း ခုလိုဖြစ်တာလို့ ဆွက်ထ်ခရိုင်ရဲအရာရှိ ဇာဟီဒူလာခန်းက ပြောပါတယ်။

တခြားရဲအရာရှိ ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး သူတို့ကို ဆေးရုံတင်ပို့ထားတယ်လို့လည်း ခန်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ခုအချိန်အထိ ဘယ်သူကမှ ထုတ်မပြောသေးပါဘူး။ ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီက ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

တဒါဇင်နီးပါးရှိတဲ့ သံတမန်အားလုံး ဘေးကင်းလုံခြုံပြီး အစ္စလာမာဘတ်မြို့ဆီ ပြန်ရောက်ပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘယ်နိုင်ငံတွေကို ကိုယ်စားပြုတဲ့ သံတမန်တွေလဲ ဆိုတာကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပါကစ္စတန် နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။

အစ္စလာမ္မစ် စစ်သွေးကြွ သောင်းကျန်းမှုရဲ့ အဓိကနေရာဖြစ်တဲ့ ဆွက်ထ်ချိုင့်ဝှမ်းမှာ ပါကစ္စတန် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့တွေက အခိုင်အမာ ရှိနေပါတယ်။

စစ်သွေးကြွတွေက အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးတဲ့နောက် ၂၀၂၂ ခုနှစ် နှောင်းပိုင်းကစပြီး တိုက်ပွဲတွေကို အရှိန်မြှင့်လာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ အစ္စလာမ္မစ် စစ်သွေးကြွတွေက ဒီချိုင့်ဝှမ်းထဲမှာပဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆက်ဖ်ဇိုင်ကို ပစ်ခတ်လို့ ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013