ဗီယက်နမ်နိုင်ငံမှာ ငှက်တုပ်ကွေး ဖြစ်ပွားပြီးနောက် တိရစ္ဆာန်ရုံရှိ ကျားကောင်ရေ ဒါဇင်ချီ သေဆုံးခဲ့ပါတယ်။
ဩဂုတ်လထဲကဆိုရင် ကျားကောင်ရေ ၄၇ ကောင်၊ ခြင်္သေ့ ၃ ကောင်နဲ့ ကျားသစ်တကောင် သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
H5N1 ကြက်ငှက်တုပ်ကွေးရောဂါဟာ ဟိုချီမင်းမြို့နားမှာရှိတဲ့ တိရစ္ဆာန်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆာဖာရီဥယျာဉ်နဲ့ နီးစပ်တယ်လို့လည်း ဆိုပါတယ်။
သေဆုံးခဲ့တဲ့ တိရစ္ဆာန်တွေဟာ ကြက်သားစားခဲ့ပြီးတဲ့နောက်မှာ ရောဂါခံစားခဲ့ရတာ ဖြစ်ပါတယ်။
ကျားတွေဟာ နာမကျန်းဖြစ်ပြီး လဲကျခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ကျား ၂ ကောင်ကို နမူနာစစ်ကြည့်တဲ့အခါ ငှက်တုပ်ကွေးကူးစက်ခံထားရတာ တွေ့ရပါတယ်။
ကျားတွေ ငှက်တုပ်ကွေးနဲ့ သေဆုံးခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တိရစ္ဆာန်ရုံက ငြင်းဆိုထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ချက်ပြုတ်ထားခြင်းမရှိတဲ့ ကြက်သား၊ ကြက်ဥတို့ဟာ ကြက်ငှက်တုပ်ကွေး ကူးစက်ခံရနိုင်ခြေ မြင့်မားကြောင်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
H5N1 ဗိုင်းရပ်စ်ဟာ အခြားတိရစ္ဆာန်တွေနဲ့ သက်ရှိတွေကိုလည်း ကူးစက်စေပြီး ရောဂါ ခံစားရစေကြောင်း သတိပေးထားတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကတည်း H5N1 ရောဂါ အပါအဝင် အခြား ကူးစက်မြန်ရောဂါတွေကြောင့် နို့တိုက်သတ္တဝါတွေ သေဆုံးမှုနှုန်း မြင့်မားလာပါတယ်။
၂၀၂၃ ခုနှစ်မှာ လူတွေကို ကူးစက်မှုပေါင်း ၉၀၀ ရှိခဲ့ပြီး သေဆုံးသူ ထက်ဝက်ကျော်ရှိကြောင်း ဖော်ပြပါတယ်။
Source-Reuters