Home
မြန်မာသတင်း
မြန်အောင်တွင် PDF ထောက်ခံသည်ဟု စွပ်စွဲဖမ်းဆီးထားသည့် လူငယ်ကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်
DVB
·
October 4, 2024
Photo-TT

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ စစ်ကောင်စီတပ်က NUG နဲ့ PDF တွေကို ထောက်ခံကြောင်း TikTok  ပေါ်မှာ တင်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ အရပ်သား လူငယ် အမျိုးသားတယောက်ကို  ပုဒ်မ ၅ ခုထက်မနည်းနဲ့ အမှုဖွင့်လိုက်တယ်လို့ နီးစပ်သူတွေက သိရပါတယ်။

မြန်အောင်မြို့နယ်၊ ရှားတောကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုဇင်မိုးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက NUG၊ PDF စတဲ့ အဖွဲ့အစည်းတွေကို ထောက်ခံကြောင်း TikTok ပေါ်မှာ တင်တယ်ဆိုပြီး စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ၂ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အပါအဝင် ပုဒ်မ ၅ ခုထက်မနည်းနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

ရဲစခန်းနဲ့ နီးစပ်သူတယောက်က “ဖမ်းဆီးခံရတဲ့ ကိုဇင်မိုးကို မြန်အောင်မြို့နယ် ရဲစခန်းမှာ ထားပြီး စစ်ကြောရေးလုပ်နေတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) နဲ့ ၅၀၅(ခ) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်ကို စစ်ကောင်စီတပ်က အမှုဖွင့်ထားတယ် ဆိုပေမဲ့ မိသားစုနဲ့ အဆက်အသွယ်မရတဲ့အတွက် ရိုက်နှက်စစ်ဆေးလို့ လူသေဆုံးတဲ့ ဖြစ်စဉ်တွေ ရှိနေတာကြောင့် မိသားစုက စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

မြန်အောင်မြို့နယ်နေ အဖမ်းခံရသူနဲ့ နီးစပ်သူတယောက်က “ကောင်လေးက လူငယ်ဆိုတော့ TikTok ဆော့တာပါ။ အဲတာကို ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေ လုပ်တယ်ဆိုပြီး ဖမ်းတာ။ မိသားစုနဲ့ ဒီနေ့အထိ ဘာအဆက်အသွယ်မှ မရတာ။ မိသားစုက စိတ်ပူတာပေါ့။ အမှုဖွင့်ခံထားရတယ်လို့ပဲ သိရတာ။ အခုဖွင့်ထားတဲ့ ပုဒ်မတွေနဲ့ဆို ထောင်ဒဏ်ချမှတ်ခံရရင် မလွယ်ဘူး” လို့ ပြောပါတယ်။

သြဂုတ် ၂၅ ရက်ကလည်း အသက် ၆၀ ကျော်တွေ အပါအဝင် ဒေသခံ အရပ်သား ၆ ယောက်ကို စစ်ကောင်စီတပ်က တော်လှန်ရေးတပ် (PDF) တွေကိုထောက်ပံ့နေတယ်လို့ စွပ်စွဲ ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၇ ရက်ကလည်း ကြံခင်းမြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နဲ့ ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) တို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013