Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် PDF တပ်ဖွဲ့၀င် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
DVB
·
October 1, 2024

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးကျေးရွာအနီးမှာ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီ၀န်းကျင်က PDF တပ်ဖွဲ့၀င်ရဲဘော် ၂ ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးသတ်ဖြတ် လိုက်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဒီနယ်မြေက PDF တွေ စိုးမိုးနယ်မြေတွေပါ။ ဒါပေမဲ့ ပျူစောထီးရွာတွေလည်း ရှိတယ်။ အခု မကျီးတုံရွာမှာက တခြားရွာတွေထက်စာရင် ပျူအင်အားပိုကောင်းတယ်” လို့ DVB ကို ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ မကျီးတုံကျေးရွာအပြင် မူးတိမ်ချောင်း၊ ပျဥ်ထောင်၊ ရွာသစ်ကုန်းနဲ့ မဒေါင်းလှ ကျေးရွာတွေဟာ ပျူစောထီးအင်အားကောင်းတဲ့ ကျေးရွာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတယောက်က “အဲဒီရဲဘော် ၂ ယောက်က ဆိုင်ကယ်နဲ့လာပြီး မကျီးတုံပျူရွာဘက်ကိုသွားတဲ့လမ်းထဲကို လမ်းမှားပြီး ဝင်သွားကြတာလို့ သိရတယ်။ ရွာအ၀င်လေးမှာပဲ သူတို့ ၂ ယောက်ကို အဲဒီကပျူစောထီးတွေက ဖမ်းပြီး သတ်ပစ်လိုက်တယ်လို့ သတင်းရတယ်။ သူတို့ ၂ ယောက်က ဘယ်အဖွဲ့ကလည်း ဆိုတာသိရဖို့ သေချာစုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ၂ ယောက်ဟာ ရွှေဘိုခရိုင်တပ်ရင်းတခုက တပ်ဖွဲ့၀င်တွေလို့ သိရပေမဲ့ အဆိုပါတပ်ရင်းကတော့ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။ 

သေဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ၂ ဦးဆီကနေ Type 81 သေနတ်တလက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၄၅ တောင့်၊ ဆိုင်ကယ်တစီး၊ PDF ဘတ်တံဆိပ် ၂ စုံတို့ကို သိမ်းဆည်းရမိ​ခဲ့တယ်လို့ စစ်ကောင်စီရဲ့တယ်လီဂရန်ချန်နယ်တွေမှာ ရေးသားဖော်ပြထားပါတယ်။

အဆိုပါ မကျီးတုံပျူစောထီးကျေးရွာဟာ ခင်ဦးမြို့ရဲ့ အရှေ့ဘက်ကပ်လျက်တည်ရှိပြီး ၀န်ထမ်း အိမ်ရာနဲ့ နီးတာကြောင့် ၂၀၂၃ နိုဝင်ဘာလထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မကြာခင်မှာဘဲ စစ်တပ်က ပြန်လည် တပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024