စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ PDF အယောင်ဆောင်ပြီး ပြည်သူတွေဆီကနေ ငွေလိမ်လည်တောင်းခံနေသူကို ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်း ဆီကနေ သိရပါတယ်။
ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သူငွေတောင်းခဲ့တဲ့ ပြည်သူတွေဆီကနေ သတင်းပေးလာတဲ့အတွက် သူ့ကိုစောင့်ကြည့်နေခဲ့တာ ကြပြီဗျ။ ငွေတောင်းတဲ့ပုံစံ၊ ဖုန်းပြောတဲ့ အသံအနေအထားနဲ့ တခြားဆက်စပ်တဲ့ အခြေအနေတွေကြောင့် ဖမ်းဆီးရမိခဲ့တာ” လို့ DVB ကို ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်မှာ နေထိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အမည်ခံပြီး ပြည်သူတွေဆီကနေ ငွေတောင်းခံနေသူ ကိုသန်းထိုက်ဦး (ခေါ်) ငတီးကို စက်တင်ဘာ ၁၅ ရက်မှာ ဖမ်းဆီးရမိခဲ့တာပါ။
ကန့်ဘလူခရိုင် တပ်ရင်း ၄ ရဲ့ တာဝန်ခံတယောက်က “သူ့အိမ်မှာဖမ်းမိတာ မဟုတ်ဘူး။ အပြင်တနေရာမှာ ကျနော်တို့တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးဌာနကနေ ဖမ်းမိတာပါ။ ပြန်ပြီး တိုက်ခိုက်တာတွေ ဘာတွေနဲ့ ခုခံတာမရှိဘဲ အသာတကြည်ပဲ အဖမ်းခံခဲ့ပါတယ်။ စစ်ဆေးနေတာတော့ မပြီးသေးဘူး။ ပြောလို့ရတဲ့ အနေအထားကတော့ လောလောလတ်လတ် စစ်ချက်အရ ပြည်သူတချို့ဆီကနေ သူတောင်းယူထားတဲ့ ငွေတွေပေါ်ပေါက်လို့ ကာယကံရှင် ပြည်သူတွေဆီကို ပြန်ပေးပြီးပါပြီ။ ဒါပေမဲ့ ကျန်နေသေးလို့ ဆက်လက် စစ်ဆေးနေပါတယ်။ ငွေလိုလို့ လုပ်မိတယ်လို့တော့ ဝန်ခံထားတယ်ဗျ။ ကာယကံရှင် ပြည်သူတဦးချင်းစီရဲ့ လုံခြုံရေးအရ နာမည်စာရင်းတွေကို လျှို့ဝှက်ပေးထားတာကို နားလည်စေချင်ပါတယ်ဗျ” လို့ ပြောပါတယ်။
PDF အမည်ခံပြီး ပြည်သူတွေဆီကနေ ငွေတောင်းခံနေသူ ကိုသန်းထိုက်ဦး (ခေါ်) ငတီးကို ဆက်လက်စစ်ဆေးပြီး ပေါ်ပေါက်ချက်တွေအရ ထိုက်သင့်သလို အရေးယူ ဆောင်ရွက်သွားမယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ တာဝန်ရှိသူက ပြောပါတယ်။
အာဏာရှင်တော်လှန်ရေးကာလအတွင်း တချို့မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို အသုံးချပြီး ငွေကြေးကောက်ခံနေသူတွေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့နဲ့ ငွေကြေးလိမ်လည် တောင်းခံသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ အမျိုးသားရေးညီညွတ်ရေးအစိုးရ (NUG) ကလည်း ထုတ်ပြန်ထားပါတယ်။