တိုင်ဖွန်းမုန်တိုင်း ခရာသွန်ဟာ ထိုင်ဝမ်ကျွန်း တောင်ပိုင်းကနေ ကုန်းတွင်းကို ဝင်ရောက် တိုက်ခတ်ခဲ့လို့ လူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၂ ယောက် ပျောက်ဆုံးတဲ့အပြင် တခြားလူ ၁၂၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
မုန်တိုင်းဟာ ထိုင်ဝမ် တောင်ပိုင်းကနေ ကုန်းတွင်းပိုင်းကို မဝင်မီ ကြာသပတေးနေ့မှာ အစိုးရရုံးတွေ ကျောင်းတွေနဲ့ ငွေကြေးဈေးကွက်တွေကို ပိတ်သိမ်းထားဖို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၈ နာရီခွဲမှာ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ဝမ်တဝန်း ခရိုင်နဲ့ မြို့ကြီး ၁၃ ခုမှာ လူ ၉,၉၆၇ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး အိမ်ထောင်စု ၁၀၉,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပါတယ်။
ကျွန်းရဲ့ အစွန်အဖျားက ခရိုင်တွေ အပါအဝင် ခရိုင် ၂၂ ခုမှာ အုပ်ချုပ်ရေးနဲ့ ကျောင်းလှုပ်ရှားမှုတွေကို ကြာသပတေးနေ့က ထပ်မံရပ်ဆိုင်းခဲ့ပြီး ထောင်းယွမ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ခရီးစဉ် ၂၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပါတယ်။
အချင်းဝက် ၁၈၀ ကီလိုမီတာကျယ်တဲ့ မုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ ၁၂၆ ကနေ ၁၆၂ ကီလိုမီတာအထိ ပြင်းထန်တဲ့ လေပြင်းနဲ့အတူ ကျွန်းကို ခပ်ဖြည်းဖြည်း အရွေ့နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။
တိုင်ဖွန်းရဲ့ ပြင်းအားနဲ့ နယ်ပယ်က ကြာသပတေးညမှာ နည်းနည်းလျော့သွားမယ်လို့ ပြည်နယ် မိုးလေဝသဗျူရိုက ကြိုတင်ခန့်မှန်းသူ ဝူဝမ်းဟွာက မနက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီရေတက်ချိန်နဲ့ တိုက်ဆိုင်ပြီး မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ အစိုးရက သတိပေးထားပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ် အနောက်ဘက်မြေပြန့်ဆီ ဖြည်းဖြည်းချင်း တက်သွားရင်း မြို့တော်တိုင်ပေဆီ မရောက်ရှိမီ သောကြာနေ့နှောင်းပိုင်းမှာ အပူပိုင်း လေဖိအားနည်းရပ်ဝန်း အဖြစ် ပိုမိုအားပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
ကျွန်းရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ချိတ်ဆက်ပြေးဆွဲတဲ့ အမြန်ရထားလိုင်းကို ထိုင်ဝမ်အလယ်ပိုင်းကနေ တောင်ပိုင်းဆီ ပြေးဆွဲမှုကို ညနေအစောပိုင်းအထိ ရပ်ဆိုင်းထားပါတယ်။
Source-Reuters