ဒီနှစ်အတွက် ၁၈ ခုမြောက်ဖြစ်တဲ့ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ခရာသွန်က ထိုင်ဝမ်ကျွန်းရဲ့ လူနေထူထပ်တဲ့ အနောက်တောင်ဘက်ကမ်းရိုးတန်းဆီ ချဉ်းကပ်လာနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အသင့်အနေအထားပြင်ထားဖို့ အောက်တိုဘာ ၁ ရက်မှာ ထိုင်ဝမ်တပ်ဖွဲ့ဝင် ၄၀,၀၀၀ နီးပါးကို စုစည်းခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာလို့ သင်္ဘောကို စွန့်ခွာခဲ့ရတဲ့သင်္ဘောသား ၁၉ ယောက်ထဲက ၁၃ ဦယောက်ကို ရဟတ်ယာဉ်တွေက ဘေးလွတ်ရာဆီ ကယ်ထုတ်ခဲ့ရသလို လေယာဉ်ခရီးစဉ်တချို့ကို ဖျက်သိမ်းခဲ့ရပြီး မီးရထားလိုင်းတွေကိုလည်း ပိတ်ထားရပါတယ်။
အဓိကဆိပ်ကမ်းမြို့မှာ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်ထားရပြီး လမ်းအများစုမှာ လူသူကင်းမဲ့ခဲ့ပါတယ်။
မုန်တိုင်းဟာ အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာ လူ ၂ ဒသမ ၇သန်း ရှိတဲ့ ဆိပ်ကမ်းမြို့ ကောင်းရှုံ ကနေ ကုန်းတွင်းကို တနာရီ လေတိုက်နှုန်း ၉၃ မိုင်နဲ့ ဝင်ရောက်မယ်လို့ ဗဟိုမိုးလေဝသစီမံခန့်ခွဲရေးအဖွဲ့ (CWA) က ခန့်မှန်းပါတယ်။
အဲဒိနောက် အရှေ့မြောက်ဘက်ဆီ ဦးတည်ပြီး ထိုင်ဝမ်အလယ်ပိုင်းကို ဖြတ်သန်းရင်း အရှေ့တရုတ်ပင်လယ်ထဲကို ဖြတ်သွားမယ်လို့ ခန့်မှန်းပါတယ်။
ထိုင်ဝမ်ကျွန်းကို တိုင်ဖွန်းမုန်တိုင်းတွေ ပုံမှန်တိုက်ခတ်လေ့ရှိပေမဲ့ များသောအားဖြင့် ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူထားတဲ့ တောင်တန်းတွေနဲ့ လူဦးရေကျဲပါးတဲ့ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်ကို မုန်တိုင်းဝင်လေ့ ရှိတာပါ။
ခုတော့ ခရာသွန် မုန်တိုင်းဟာ ထိုင်ဝမ်ကျွန်းရဲ့ အနောက်ဘက်လွင်ပြင်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မှာ ဖြစ်ပါတယ်။
ကောင်းရှုံမြို့မှာတော့ မုန်တိုင်းဝင်မယ့်နေ့ကို အားလပ်ရက်အဖြစ် ကြေညာပြီး လူတွေကို အိမ်ထဲမှာ နေကြဖို့ ပြောထားပါတယ်။ အမေရိကန် ရေတပ်ရဲ့ ပူးတွဲတိုင်ဖွန်းသတိပေးချက် စင်တာကတော့ ခရာသွန်မုန်တိုင်းကို စူပါတိုင်ဖွန်းမုန်တိုင်းလို့ နာမည်တပ်ထားပါတယ်။
Source-Reuters