ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ မီယာဇာကီလေဆိပ်ရဲ့ ပြေးလမ်းမှာ ဒုတိယကမ္ဘာစစ်ကျန် အမေရိကန်ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် အောက်တိုဘာ ၂ ရက်က ဒေသတွင်းလေဆိပ်ကို ပိတ်ပစ်ခဲ့ရပြီး လေယာဉ်ပျံသန်းမှု ၉၀ နီးပါးကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ပေါက်ကွဲမှုကြောင့် လေယာဉ်ပြေးလမ်းမှာ အကျယ် ၇ မီတာ (၂၃ ပေ) အနက် တမီတာ (၃ ဒသမ ၂ ပေ) ရှိတဲ့ တွင်းတခု ဖြစ်ကျန်ခဲ့ကာ မီယာဇာကီလေဆိပ်က ပြေးလမ်းကို ပိတ်ချခဲ့တယ်လို့ ဂျပန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဂျပန် ကိုယ်ပိုင်ကာကွယ်ရေး မြေပြင်တပ်ဖွဲ့မှ ဗုံးရှင်းလင်းရေးအဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းဟာ မြေကြီးအောက်မှာ နစ်မြုပ်နေတဲ့ စစ်အတွင်းတုန်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားချိန်က လက်ကျန် အမေရိကန်လုပ် ဗုံးဖြစ်ကြောင်း နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိထားပေမဲ့ အနီးနားရှိ မြို့ပြလေကြောင်းကောလိပ်မှ တိုက်ရိုက် ကင်မရာမှတ်တမ်းတွေအရ တိုကျိုကိုသွားမယ့် ခရီးသည်တင် လေယာဉ်တစင်းဟာ ပေါက်ကွဲမှုမဖြစ်ခင် ၂ မိနစ်အလိုလောက်မှာ ဖြတ်သန်းသွားတာကို ပြသထားပါတယ်။
အရင်တုန်းက မီယာဇာကီလေဆိပ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးအများအပြားကို တွေ့ရှိထားခဲ့ဖူးကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောကြားခဲ့ပါတယ်။
Source-Reuters