Home
မြန်မာသတင်း
ဂျပန်တွင် မြန်မာအလုပ်သင် သင်တန်းသားများ လုပ်ငန်းခွင်မှ ထွက်ခွာ ပျောက်ဆုံးသွားမှု မြင့်တက် 
DVB
·
October 1, 2024

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က မြန်မာအလုပ်သင်သင်တန်းသားတွေ အလုပ်ခွင်ကနေ ထွက်ခွာ ပျောက်ဆုံးသွားတဲ့သူ အရေအတွက်ဟာ ၁,၇၀၀ ကျော်ရှိပြီး  ၂၀၂၂ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၃ ဆနီးပါး မြင့်တက်ခဲ့တယ်လို့ အဆာဟိရှင်ဘွန်းဂျပန်သတင်းစာမှာ  ဖော်ပြပါတယ်။

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားသား နည်းပညာအလုပ်သင် သင်တန်းသား ၉,၇၅၃ ယောက် လုပ်ငန်းခွင်ကနေ ပျောက်ဆုံးသွားခဲ့ပြီး ဒါဟာ စံချိန်တင် အမြင့်ဆုံးအရေအတွက် ဖြစ်တယ်လို့ ဂျပန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီက  စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ပျောက်ဆုံး မြန်မာအလုပ်သင် သင်တန်းသားအရေအတွက်ဟာ စုစုပေါင်း အရေအတွက်ရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်းရှိကာ ဒီအရေအတွက်ဟာ တခြားနိုင်ငံတွေထက် သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်သင် အခြေအနေမှာ အလုပ်ကူးပြောင်း လုပ်ကိုင်ခွင့် မရှိဘူးလို့ သိရပါတယ်။ ဂျပန်နိုင်ငံရဲ့ နည်းပညာအလုပ်သင် သင်တန်းပေးအပ်ခြင်း အစီအစဉ်ဟာ လုပ်ငန်းနယ်ပယ်မျိုးစုံမှာ နိုင်ငံခြားသား အလုပ်သင်တွေကို လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်တွေ မြှင့်တင်ပေးဖို့ ရည်ရွယ်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နိမ့်ပါးတဲ့ လုပ်အားခနဲ့ လုပ်ငန်းခွင် အခြေအနေတွေ ရှိနေတာကြောင့် အလုပ်သင် သင်တန်းသား အတော်များများဟာ လုပ်ငန်းခွင်တွေကနေ ထွက်ခွာပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ခလစာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနိုင်ဖို့အတွက် အမြဲတမ်း အခြေချနေထိုင်သူအဖြစ် ပြောင်းလဲ လုပ်ကိုင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် အေဂျင်စီကလည်း အလုပ်သင်နဲ့ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပိုမိုတင်းကျပ်သွားဖို့ စီစဉ်နေပါတယ်။

အေဂျင်စီရဲ့ ပြောကြားချက်အရ ၂၀၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ နေထိုင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သင် သင်တန်းသား အရေအတွက်ဟာ ၅၁၀,၀၀၀ ဝန်းကျင်ရှိပြီး အဲဒီထဲက ၁ ဒသမ ၉ ရာခိုင်နှုန်း လုပ်ငန်းခွင်ကနေ ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။

နိုင်ငံသားအလိုက် ကြည့်မယ်ဆိုရင် အသိပေးခြင်းမရှိဘဲ လုပ်ငန်းခွင်ကနေ ပျောက်ဆုံးသွားသူ နိုင်ငံသားတွေထဲမှာ ဗီယက်နမ်နိုင်ငံက  အရေအတွက် အများဆုံးဖြစ်ပြီး ၅,၄၈၁ ယောက်အထိ ရှိကာ မြန်မာက ၁,၇၆၅ ယောက်နဲ့ ဒုတိယ၊ တရုတ်က ၈၁၆ ယောက်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။  

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်နိုင်ငံဟာ နည်းပညာအလုပ်သင် သင်တန်းသားတွေ အပါအဝင် မြန်မာနိုင်ငံသားတွေကို သူတို့ရဲ့ မူရင်းနေထိုင်ခွင့်ဗီဇာ သက်တမ်း ကုန်ဆုံးသွားပါက designated activities လို့ခေါ်တဲ့ ဗီဇာနဲ့ ဂျပန်နိုင်ငံမှာ ဆက်လက် နေထိုင်ခွင့်ပြုထားပါတယ်။

အဲဒီနောက်ပိုင်း မြန်မာအလုပ်သင် သင်တန်းသားတွေဟာ တားမြစ် ကန့်သတ်ချက်တွေမရှိဘဲ အလုပ်လုပ်နိုင်ဖို့အတွက် အလုပ်သင် လုပ်ငန်းခွင်တွေကနေ ထွက်ခွာပြီး designated activities ဗီဇာ ပြောင်းလဲလုပ်ကိုင်မှုတွေ ပိုများလာတဲ့အချက်က မြန်မာအလုပ်သင်တွေ ပျောက်ဆုံးမှု မြင့်တက်လာရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းတခု ဖြစ်တယ်လို့ အေဂျင်စီက ယုံကြည်ထားပါတယ်။

အခု အောက်တိုဘာလကစပြီး မြန်မာအလုပ်သင် သင်တန်းသားတွေအနေနဲ့ ကုမ္ပဏီ ဒေဝါလီခံရတာ၊ လုပ်ငန်းခွင်မှာ စော်ကား တိုက်ခိုက်ခံရတာ ဒါမှမဟုတ် တခြား အကြောင်းပြချက် တစုံတရာကြောင့် အလုပ်သင် လုပ်ငန်းခွင်မှာ ဆက်လက် လုပ်ကိုင်လို့ မရနိုင်တဲ့ အခြေအနေတွေ ရှိမှသာ designated activities ဗီဇာပြောင်းလဲမှုကို လူဝင်မှုကြီးကြပ်ရေး အေဂျင်စီက ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 Source/ Photo:  The Asahi Shimbun

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013