ရန်ကုန်မြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်သပိတ်မှောက်နေတဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာ ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ ပါတယ်။
တော်လှန်ရဲဘော် ကိုဖိုးသား၊ ကိုမဲကြီး၊ မမြမဉ္စူနဲ့ မနှင်းအိခိုင်တို့ကို စက်တင်ဘာ ၁၉ ရက်မှာ ဖမ်းဆီးသွားပြီး နောက်ရက် စက်တင်ဘာ ၂၀ ရက်မှာ ရန်ကုန်မြို့ပြ သပိတ်ရဲဘော်တွေ နေထိုင်ရာ နေအိမ် ၃ လုံးကို စစ်ကောင်စီအဖွဲ့တွေက အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ကိုဖိုးသားရဲ့ တောင်ဥက္ကလာပမြို့နယ်က နေအိမ်ကို ဖမ်းဆီးခံရတဲ့ ၁၉ ရက်မှာပဲ ဝင်ရောက်စီးနင်းခဲ့ပြီး နောက်တရက် ညနေပိုင်းမှာတော့ ရန်ကုန်သပိတ်တွေ ဦးဆောင်လှုပ်ရှားသူ ကိုနန်းလင်း နေအိမ်နဲ့ တခြားရဲဘော်တယောက်ရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းပြီး ခြံတံခါး၊ အိမ်တံခါးတွေကို ချိုးဖျက်ကာ အိမ်တွင်းက ပစ္စည်းတွေကိုလည်း သိမ်းဆည်းယူဆောင်သွားတယ်လို့ ကိုနန်းလင်းက ပြောပါတယ်။
“ကိုဖိုးသား၊ ကိုမဲကြီးနဲ့ အမျိုးသမီး ၂ ဦးပေါ့နော်၊ သူတို့က စက်တင်ဘာ ၁၉ ရက်မှာ အဖမ်းခံရပြီး အဲဒီညမှာပဲ ကိုဖိုးသား နေအိမ်ကို ဝင်စီးပါတယ်။ နောက်တည ၂၀ ရက်နေ့မှာလည်း နောက်ထပ် ၂ အိမ်ကို အင်အားအများအပြားနဲ့ ဝင်စီးပါတယ်။ ဝင်စီးတဲ့အခါမှာလည်း တံခါးတွေဖျက်ဆီး၊ အထဲကပစ္စည်းတွေကို အကုန်ယူသွားပြီးမှ စာအုပ်စာတမ်းနဲ့ အသုံးအဆောင် အဝတ်အထည်တွေ ခြေသုတ်ခုံပါမကျန် အကုန်လုံး သိမ်းဆည်းသွားတယ်လို့ ကျနော်တို့ သိရပါတယ်။”
စစ်ကောင်စီတပ်တွေ မလာခင်အချိန်မှာပဲ ကြိုတင်တိမ်းရှောင်နိုင်ခဲ့လို့ လက်ရှိအချိန်မှာတော့ ကိုနန်းလင်းနဲ့ တခြားရဲဘော်တွေ လွတ်မြောက်ရာနေရာမှာ ရောက်ရှိနေပြီဖြစ်တယ်လို့ ကိုနန်းလင်းက ဆက်ပြောပါတယ်။
“ကျနော်တို့က ကိုဖိုးသားတို့နဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ၁၉ ရက်နေ့ ညကတည်းက အချိန်မီရှောင်နိုင်ခဲ့တာ ဖြစ်လို့ သူတို့ဝင်စီးတဲ့အချိန်မှာ ထပ်ပြီး အဖမ်းခံရတာမျိုးတော့ မရှိဘူး။ အခု ကျနော်လည်း လုံခြုံရာနေရာမှာ ရောက်နေပြီ၊ ရှိနေပြီ။ ရဲဘော်တွေလည်း လွတ်မြောက်တဲ့နေရာတွေမှာ ရောက်ကုန်ပြီလို့ ပြောလို့ရပါတယ်ခင်ဗျ။”
ကိုဇော်လင်းထွဋ် (ခ) ဖိုးသားက တကသကျောင်းသားဟောင်းများ အင်အားစုရဲ့ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓာတ်ပုံသတင်းထောက်ဖြစ်ပြီး ကိုအောင်မင်းခိုင် (ခ) မဲကြီးနဲ့ မမြမဉ္စူတို့က လူငယ်သပိတ်ကော်မတီ (YSC) ကဖြစ်ပြီး မနှင်းအိခိုင်ကတော့ နိုင်ငံရေးအကျဥ်းသူဟောင်းတယောက် ဖြစ်ပါတယ်။
သူတို့ ၄ ယောက်ကိုတော့ ရန်ကုန်မှာ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲ လုပ်ဆောင်အပြီး အပြန်မှာ ဖမ်းဆီးခံထားရကာ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် နှိပ်စက် စစ်ကြောခံနေရတယ်လို့ သိရပါတယ်။