တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းလောက်မှာ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်သားတွေက မောင်မယ်ရှောင်ရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၂ ရက်ကလည်း မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီရဲ့ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲဖြစ်တာက တနေ့တည်းမှာ မနက်တကြိမ်၊ ညနေတကြိမ်ပါ။ တိုက်ပွဲ ဖြစ်ပြီး နောက်တနေ့မှာ မောင်မယ်ရှောင်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့သွားတယ်။ ရှို့သွားတာက ထားဝယ်မြို့ပေါ်က စစ်ကူလာတဲ့ စစ်ကောင်စီတပ်ပါ။”
မောင်မယ်ရှောင်ရွာမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ နေအိမ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
“ရွာသားတွေက ရွာမှာ တိုက်ပွဲမရှိရင် ပြန်လာနေကြတယ်။ ရှိရင် မြို့ပေါ်မှာ တိမ်းရှောင်ပြီးနေတယ်။ အခုတော့ ရွာသားတွေက မနေရဲလို့ ထားဝယ်မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်ကုန်ကြပြီ။ ရွာမှာ နည်းနည်းပါးပါးပဲ ကျန်ရစ်တယ်။”
အခုလက်ရှိမှာတော့ အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ မောင်မယ်ရှောင်ကျေးရွာမှတဆင့် ကျောက်စေ့ကူးရွာဘက်ကို စက်တင်ဘာ ၂၃ ရက်မှာ စစ်ကြောင်းထိုးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။