Home
မြန်မာသတင်း
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေခွန် ကျပ်ငွေ ၄ ထရီလီယံနီးပါး စစ်ကောင်စီ ရရှိ ( Data Story)
DVB
·
October 1, 2024

စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် အခွန်နှစ်ပတ်လည်အစီရင်ခံစာအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေခွန်ကနေ ကျပ် ၃,၈၉၀ ဘီလီယံ ရရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ စစ်ကောင်စီအတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်နဲ့ ရတနာခွန်တွေကို အဓိက တာဝန်ယူကောက်ခံပေးနေတာဖြစ်ပြီး အဆိုပါအခွန်တွေဟာ နိုင်ငံတော်က ကောက်နေတဲ့ အခွန်စုစုပေါင်းပမာဏရဲ့ ၈၅ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။

ဝင်ငွေခွန်ဟာ စစ်ကောင်စီရဲ့ အဓိက အခွန်ငွေရနေတဲ့ ရင်းမြစ်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အဆိုပါဌာနက ကောက်ခံခဲ့တဲ့ စုစုပေါင်းအခွန်ပမာဏရဲ့ ၄၄ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ စစ်ကောင်စီအတွက် နောက်ထပ်အခွန်အများဆုံးရတဲ့ ရင်းမြစ်က ကုန်သွယ်လုပ်ငန်းခွန်ကနေဖြစ်ပြီး စုစုပေါင်းအခွန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အခွန်မဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် အစောပိုင်းနှစ်တွေမှာ စစ်ကောင်စီအနေနဲ့ အခွန်ရငွေ ကျဆင်းခဲ့ပေမဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကစပြီး အခွန်ရငွေတွေ ပြန်လည်တိုးမြင့်ရရှိလာနေပါတယ်။ စာရင်းဇယားတွေအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ဝင်ငွေခွန်ကနေ ရ‌ငွေဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် ကျပ် ၂၇၄ ဘီလီယံ ပိုများတာကို တွေ့ရပါတယ်။

နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ ဝင်ငွေတွေရရှိရေးနဲ့ အခွန်အခတွေ မှန်မှန်ကန်ကန်ရရှိရေး ညွှန်ကြားလေ့ရှိတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီကနေ ဝင်ငွေခွန်ကောက်ခံဖို့ ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ 

၂၀၁၂ ခုနှစ်ကစပြီး ပြည်ပရောက် နိုင်ငံသားတွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုခဲ့ပေမဲ့ စစ်ကောင်စီလက်ထက်မှာ ဥပဒေကိုပြင်ဆင်ပြီး နိုင်ငံသားတွေရဲ့ လုပ်ခလစာငွေကို ကုပ်သွေးစုပ် ရယူဖို့ ကြံစည်လာတာဖြစ်ပါတယ်။

အဆိုပါ အခွန်ဥပဒေသစ်အရ ပြည်ပရောက် နိုင်ငံသားတွေရရှိတဲ့ ဝင်ငွေကို အလွှာလိုက် တွက်ချက်ကောက်ခံခြင်းနဲ့ သက်သာခွင့်မနုတ်ဘဲ ဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းဆိုတဲ့ နည်းလမ်း ၂ မျိုးနဲ့ အခွန်တွက်ချက်မှာဖြစ်ပါတယ်။ တွက်လို့ ရလာတဲ့ အခွန်ပမာဏ ၂ မျိုးထဲက နည်းတဲ့ အခွန်ပမာဏကိုသာ ပေးဆောင်ကြရမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လစာမဟုတ်တဲ့ ဝင်ငွေတွေကိုလည်း ကင်းလွတ်ခွင့်မပြုတော့ဘဲ ရရှိတဲ့ နိုင်ငံခြားငွေ အမျိုးအစားနဲ့ စုစုပေါင်း ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ကောက်ခံမယ်လို့လည်း ပါရှိပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ အိန္ဒိယ၊ လာအို၊ မလေးရှား၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်နဲ့ ဗီယက်နမ်စတဲ့ နိုင်ငံပေါင်း ၈ နိုင်ငံနဲ့ အခွန်နှစ်ထပ်မကျသင့်စေရေး စာချုပ်ချုပ်ထားပြီး တကယ်လို့ အဲဒီနိုင်ငံတွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အခွန်ဆောင်ထားကြောင်း အထောက်အထားမပြနိုင်ရင်လည်း အခွန်ကောက်မယ်လို့ စစ်ကောင်စီလက်အောက်ခံ သံရုံးတွေက ကြေညာထားပါတယ်။

အခွန်ရှောင်တဲ့ ဖြစ်စဉ်တွေ မရှိရအောင် နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းနဲ့ပါ စစ်ကောင်စီက အကျပ်ကိုင်ထားပြန်ပါတယ်။ ပြည်ပရောက်နိုင်ငံသားတွေအနေနဲ့ အခွန်ဆောင်ထားကြောင်း အထောက်အထားမပြနိုင်ပါက နိုင်ငံကူးလက်မှတ် ရုပ်သိမ်းတာ၊ သက်တမ်းတိုးမပေးတာ၊ ပြည်ပထွက်ခွာခွင့် ပိတ်ပင်တာတွေအပြင် အခွန်ဥပဒေအရပါ အရေးယူခံရနိုင်ပါတယ်။

နိုင်ငံအတွင်း စီးပွားရေးကျဆင်းမှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ကျဆင်းမှုနဲ့ စစ်ရှိန်မြင့်နေတာနဲ့အတူ ကာကွယ်ရေးအသုံးစရိတ်ကို တိုးပြီးသုံးစွဲနေရတာတွေကြောင့် စစ်ကောင်စီအနေနဲ့ ဘဏ္ဍာငွေ ရနိုင်မယ့် နည်းလမ်းတွေကို အသည်းအသန် ရှာဖွေနေရပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက်လည်း အခွန်အကောက်ရငွေကို ကျပ် ၉ ဒသမ ၄ ထရီလျံရရှိဖို့ လျာထားပြီး အဲ့ဒီထဲမှာ ဝင်ငွေခွန်ကနေ ၃ ဒသမ ၄ ထရီလျံ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ တနှစ်ထက်တနှစ် နိုင်ငံတော်အနေနဲ့ အခွန်ငွေရရှိမှုတွေ တိုးလာတာဟာ အခွန်နှုန်းထားတွေ တိုးမြှင့်ကောက်လို့မဟုတ်ဘဲ ရသင့်ရထိုက်တဲ့ အခွန်နယ်ပယ်ကို ချဲ့ထွင်ပြီး ထိထိရောက်ရောက် ကောက်ခံခဲ့လို့သာ ဖြစ်ကြောင်း ပြောထားပါတယ်။

DVB Data Team

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013