Home
မြန်မာသတင်း
လေကြောင်းရန်ကြောင့် ချီဖွေမြို့ခံထက်ဝက်ကျော် မြို့နှင့်ဝေးရာတွင် စစ်ရှောင်နေရ
DVB
·
October 1, 2024
ချီဖွေမြို့

ကချင်အထူးဒေသ (၁) ထဲက ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပေမဲ့ ဒေသခံအများစုကတော့ လေယာဉ်လာမှာစိုးရိမ်ပြီး မြို့နဲ့ဝေးရာမှာ စစ်ရှောင်နေရတယ်လို့ ပြောပါတယ်။

ချီဖွေမြို့ခံ အမျိုးသမီးတယောက်က “ဒေသခံတွေကတော့ အခုချိန်မှာ ၃ ပုံ ၂ ပုံလောက်ပေါ့နော်၊ မြို့နဲ့ နည်းနည်းဝေးတဲ့နေရာတွေမှာ တိမ်းရှောင်နေကြတယ်။ တချို့တွေက ၁ မိုင်၊ ၂ မိုင်လောက်မှာ နေတယ်။ တချို့တွေက မြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာနေကြတာပေါ့နော်။ ပြီးရင် အချို့လည်း မြို့ပေါ်ရှိသေးတယ်။ အိမ်မှာနေတဲ့သူတွေက သက်ကြီးရွယ်အိုတွေက သိပ်မပြေးနိုင်တဲ့သူတွေ ကျန်ခဲ့ကြတာပေါ့။ တခြားမြို့တွေလည်း နမူနာရှိတော့ လေယာဉ်ကြောင့် ရှောင်တာ။ ဒီနေ့လည်း တခေါက်တော့လာသေးတယ်၊ မြို့ပေါ်တော့ မကြားပါဘူး” လို့ DVB ကို ပြောပါတယ်။

၂၀၁၉ ခု ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြေရှားသတ္တုလုပ်ကွက်တွေရှိတဲ့ ချီဖွေတမြို့နယ်လုံးမှာ လူဦးရေ ၂၀,၀၀၀ ကျော်နဲ့ မြို့ပေါ်မှာတော့ ၃,၀၀၀ ဝန်းကျင် နေထိုင်ကြပါတယ်။

တိုက်ပွဲကာလထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၅ နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးကြောင်း သိရပေမဲ့ နောက်ထပ်ထိခိုက်သူ ရှိ၊ မရှိ ကို DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ချီဖွေမြို့မှာ ကုန်ပစ္စည်း ပြတ်လပ်နေပြီး ရေရှည်စစ်ရှောင်ရရင် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ချီဖွေမြို့ခံ အမျိုးသမီးက ပြောပါတယ်။

“ဒီဘက်ဒေသတွေက လမ်းလည်း ခဏခဏပိတ်တော့ စစ်မဖြစ်ခင်ကတည်းကိုက ကုန်ဈေးနှုန်းတွေ တော်တော်တက်နေတာ။ ပစ္စည်းတွေကလည်း မရောက်ဘူး၊ ဆန်တွေ၊ ဆားတွေလောက်‌တော့ ရှိလောက်မယ်ထင်တယ်။ တခြား ခေါက်ဆွဲခြောက်တွေဘာတွေတော့ ကုန်သွားနေပြီ၊ မရှိတော့ဘူး။” 

KIA၊ KPDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၉ ရက်မှာ မြို့မရဲစခန်း၊ ၄ မိုင်ဂိတ်၊ ပြည်သူ့စစ်ဂိတ်နဲ့ ကာကင်းစခန်းအပါအဝင် မြို့စောင့်စစ်တပ်ကုန်းတွေကို တိုက်ခိုက်အပြီး စက်တင်ဘာ ၃၀ ရက်မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတချို့လည်းရှိခဲ့ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ဆော့လော်မြို့က ဗျူဟာကုန်းကိုထိုးစစ်ဆင်နေသလို ဝိုင်းမော်မြို့ထဲက စခန်းတချို့ကိုလည်း သိမ်းပိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024