Home
မြန်မာသတင်း
စမွတ်စခွန်းတွင် ခွင့်မပြုထားသော အလုပ်အကိုင် လုပ်နေသည့် ရွှေ့ပြောင်းလုပ်သားများကို နှိမ်နင်းမည် 
DVB
·
October 1, 2024

ထိုင်းအလယ်ပိုင်း စမွတ်စခွန်းခရိုင်ထဲက ရွှေ့ပြောင်းလုပ်သားအချို့ဟာ ဥပဒေက ခွင့်မပြုတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေပြီး ထိုင်းဒေသခံတွေ နစ်နာမှုရှိနေလို့  တာဝန်ရှိသူတွေက လိုအပ်သလို စစ်ဆေးနှိမ်နင်းသွားမယ်လို့  PPTV HD 36 ထိုင်းတီဗွီသတင်းက စက်တင်ဘာ ၂၉ မှာ ဖော်ပြပါတယ်။ 

ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံသားတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့ ကိုယ်ပိုင်ဈေးဆိုင်ဖွင့်တာ၊ ဆံပင်ညှပ်၊ အလှပြင်ဆိုင်၊ ကုန်တင်ကားမောင်း စတဲ့ အလုပ်တွေဝင်လုပ်နေတယ်လို့  တိုင်တန်းချက်တွေ အများကြီးရောက်လာတာကြောင့် ပြဿနာဖြေရှင်းပေးဖို့  ခရိုင်ထဲက အလုပ်သမားရုံး၊ လဝက၊ အုပ်ချုပ်ရေး၊ ဈေးသည်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စမွတ်စခွန်းခရိုင် အထက်လွှတ်တော်အမတ် ပရင်းယား ဝုန်းချိတ်ခွန်က သတင်းထောက်တွေကို ပြောပါတယ်။ 

စမွတ်စခွန်းမှာ ရွှေ့ပြောင်းလုပ်သားတွေ အမြောက်အမြား ဝင်ရောက်လုပ်ကိုင်နေတယ်၊ တရားဝင် ဝင်ရောက်လုပ်ကိုင်နေသူတွေကို မပြောလိုပေမဲ့ ခွင့်ပြုချက်မရတဲ့ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့အလုပ်မှာ ဝင်လုပ်နေတာ၊ တရားမဝင် ဝင်ရောက်နေထိုင်တာတွေ ရှိတယ်၊ တရားမဝင် ဝင်လာပြီး ရာဇဝတ်မှုကျူးလွန်နေတာလည်း ရှိတယ်လို့ စုံစမ်းသိရတယ်၊ ဒါဟာ ထိုင်းအမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိတာကြောင့် အဘက်ဘက်က ပူးပေါင်းနှိမ်နင်းရမယ်၊ ခရိုင်ဝန်ဆီလည်း စာပို့ပါမယ်၊ ပြည်သူတွေအနေနဲ့လည်း ဥပဒေနဲ့မညီညွတ်တာ တွေ့ရင် သက်ဆိုင်ရာကို သတင်းပေးပို့စေလိုတယ်လို့  အထက်လွှတ်တော် အမတ်က ပြောပါတယ်။ 

စစ်ဆေးချက်အရ စမွတ်စခွန်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၄ ခု စက်တင်ဘာ ၂၇ ရက်အထိ ခွင့်ပြုချက်မရတဲ့အလုပ်ကို ဝင်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၇၇ ဦး ရှိတယ်၊ အဲဒီထဲက ၁၆၉ ဦးကို ဥပဒေအရ အရေးယူပြီးဖြစ်တယ်၊ အဲဒီထဲမှာ ပိုင်ရှင်အဖြစ် ဈေးရောင်းတာ ၁၁၂ ဦး၊ ဆံပင်ညှပ်တာ ၂၂ ဦး၊ တွန်းလှည်းနဲ့ အထမ်းနဲ့ လိုက်ရောင်းတာ ၁၂ ဦး ရှိပြီး ကုန်ပစ္စည်းတင်ပို့ကားမောင်းတာ ၂၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ 

အဆိုပါကာလအတွင်း အလုပ်နေရာပေါင်း ၇၈၂ နေရာက ရွှေ့ပြောင်းအလုပ်သမား ၅၆၂၄၀ ဦးကို စစ်ဆေးခဲ့တယ်၊ အလုပ်သမားဥပဒေနဲ့ မညီညွတ်တဲ့ အလုပ်ရှင် ၆၅ ဦးနဲ့  အလုပ်သမား ၄၀၀ ဦးကို အရေးယူခံရတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

စမွတ်စခွန်းခရိုင်မှာ ရွှေ့ပြောင်းအလုပ်သမား တသိန်းကျော် ဝင်ရောက်လုပ်ကိုင်နေပြီး အများစုမှာ မြန်မာအလုပ်သမားတွေ ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013