Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာလုပ်သား ၄ ဦး ဘဏ်စာအုပ်ဖွင့်အပြီး  ကားပေါ်တင်ပြေးခံရ  
DVB
·
October 1, 2024
photo Crd-MHAC မဟာမိတ်အဖွဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မှာ စက်တင်ဘာ ၃၀ ရက်က မြန်မာအလုပ်သမား ၄ ဦးကို ထိုင်းပွဲစားက ဘဏ်စာရင်းစာအုပ်ဖွင့်ခိုင်းပြီး အကြောင်းမဲ့ ကားပေါ်တင်ပြေးတာကြောင့် ကားမှန်ထုခွဲပြီး ပြန်ဆင်းလာရတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့ (MHAC) တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ 

အမ်အိုယူစနစ်နဲ့ ထိုင်းထဲဝင်လာတဲ့ မြန်မာလုပ်သား ၄ ဦးဟာ မြန်မာပွဲစားကနေတဆင့် အလုပ်အကိုင်ရှာဖွေခဲ့တယ်၊ မြန်မာပွဲစားက ထိုင်းပွဲစားနဲ့ ပြန်ချိတ်ပေးတဲ့နောက် စက်တင်ဘာ ၃၀ ရက်က ဘဏ်စာအုပ်သွားဖွင့်ပြီးတာနဲ့ စာအုပ်အသိမ်းခံရပြီး ကားပေါ်တင် ပြေးခံရတာလို့ ဆိုပါတယ်။  

“ထိုင်းပွဲစား ၂ ယောက်က သူတို့ကို ဘဏ်မှာ ငွေစုစာအုပ် အတင်းသွားလုပ်ခိုင်းတယ်၊ လုပ်ပြီးတာနဲ့ စာအုပ်ကို သိမ်းထားပြီး သူတို့ကို ကားပေါ်တင်ပြီး နာရီပေါင်းအတော်ကြာကြာ လှည့်ပတ်မောင်းနေတာ၊ ဘယ်သွားမလဲ ဘာလုပ်မလဲဆိုတာ မသိဘူး၊ အလုပ်သမားတွေက သူတို့ကို တခုခုလုပ်မှာကြောက်လို့  ကျနော်တို့အဖွဲ့ဆီ လှမ်းပြီးဖုန်းဆက်အညီတောင်းတယ်၊ ကျနော်တို့က သူတို့ကို ပြန်လွှတ်ပေးဖို့ ဖုန်းထဲကနေ ပြောတယ်၊ လွှတ်မပေးဘဲ ဆက်မောင်းတယ်၊ အဲဒါနဲ့ ကားမှန်ကိုခွဲပြီး ခုန်ဆင်းလိုက်လို့ ပြောလိုက်တယ်။ သူတို့လည်း ကားမှန်ကိုထုခွဲတော့ ဘန်ကောက် မြဘုရားနန်းတော်ရှေ့က ဆနမ်လုံရင်ပြင်နားရောက်မှ ရပ်ပေးတယ်၊ သူတို့ကို သွားကြိုပြီး အခု လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားပါတယ်ခင်ဗျ” လို့ ကိုရဲမင်းက ပြောပါတယ်။

အဆိုပါပွဲစားဟာ အလုပ်သမားတွေကို နွန်ထပူရီခရိုင်ကနေ မနက်ကတည်းက သွားခေါ်ခဲ့ပြီး  ည ၈ နာရီကျော်မှ ပြန်လွှတ်ပေးခဲ့ပေမဲ့ အထောက်အထားနဲ့ အဝတ်အစားတွေပါတဲ့ အိတ်ကတော့ အဲဒီကားပေါ်ပါသွားတယ်လို့ ဆိုပါတယ်။ 

အလုပ်သမားရဲ့ ဘဏ်စာအုပ်တွေကို သိမ်းယူသွားဟာ ကျားဖျန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပြန်ရောင်းဖို့ ဖြစ်တယ်လို့ ယူဆတယ်၊ ဒီမတိုင်ခင် မြန်မာအလုပ်သမားတွေရဲ့ ဘဏ်စာအုပ်တွေ ရောင်းစားခံရတာ၊ အလွဲသုံးစားလုပ်ခံရတာတွေ ရှိတယ်၊ ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေး ဌာနက အဲဒီဂိုဏ်းနောက်ကို လိုက်နေတယ်၊  မနေ့က ကိစ္စလည်း အလားတူဖြစ်ရပ်နဲ့ ဆက်စပ်နိုင်တာကြောင့် စမွတ်စခွန်းရဲစခန်းမှာ သွားရောက်တိုင်ကြား အမှုဖွင့်ထားတယ်၊ စာရင်းဖွင့်ထားတဲ့ ဘဏ်နံပါတ်တွေ ပြန်ပိတ်ပေးဖို့ ဆက်လက်‌ဆောင်ရွက်နေပြီး မြန်မာပွဲစားကတော့ ဖုန်းပိတ်သွားလို့ ဆက်သွယ်လို့မရသေးဘူးလို့ ကိုရဲမင်းက ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013