ဟေတီနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဆိုးရွားပြင်းထန်တဲ့ ငတ်မွတ်မှုဒဏ်ကို ခံစားနေကြရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ပေါင်းစပ်အစားအစာ လုံခြုံရေးအဆင့် ခွဲခြမ်းစိတ်ဖြာမှု (IPC) ရဲ့ နောက်ဆုံးထွက် စိစစ်သုံးသပ်ချက်အရ ဟေတီကျွန်းရဲ့ စုစုပေါင်းလူဦးရေ ၁၁ သန်းကျော်ထဲမှ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၅ ဒသမ ၄ သန်းဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့မိသားစုတွေကို ကျွေးမွေးဖို့ ရုန်းကန်နေရပါတယ်။
မြို့တော် ပို့-အော့ပရင့်စ်မှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅,၅၀၀ ကျော်ဟာ လိုင်စီမာရီ-ဂျင်နီကျောင်းကို ခိုလှုံလာခဲ့ကြပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်က မိခင်တွေနဲ့ကလေးတွေကို အာဟာရဓာတ်စစ်ဆေးမှုကို ပြုလုပ်ခဲ့ပြီး သူတို့မှာ အာဟာရချို့တဲ့မှု စိုးရိမ်စရာ လက္ခဏာတွေ ပြနေတာကို တွေ့ခဲ့ကြပါတယ်။
ကလေးအများစုဟာ သူတို့ရဲ့ အာဟာရစစ်ဆေးမှု စမ်းသပ်ဇယားမှာ သတိပေးအဆင့် အဝါရောင်ဇုန်မှာရောက်နေပြီး အန္တရာယ်ရှိအဆင့် အနီရောင်ဇုန်နား ကပ်နေကြတာ ဖြစ်ပါတယ်။
လူတွေဟာ ကျပ်တည်းပြီး အရမ်းခက်ခဲတဲ့ အခြေအနေတွေမှာ ရောက်နေရပြီး သူတို့ရဲ့ ငွေရှာနိုင်စွမ်းလည်း ဆုံးရှုံးသွားတာကြောင့် မြို့တော်အတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာမလုံလောက်မှုမှာ အဆိုးရွားဆုံး အခြေအနေလို့ ယူဆရပါတယ်။
အရေးပေါ် ငတ်မွတ်မှု ကြုံနေရသူတွေထဲမှာ အယောက် ၆၀၀၀ လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုအဆင့် အမြင့်ဆုံးဖြစ်တဲ့ IPC အဆင့် ၅ မှာ ရှိနေတာ ဒါမှမဟုတ် “ငတ်မွတ်မှုကပ်ဘေး”ဆိုက်နေမှုအဖြစ် သတ်မှတ်ထားကြောင်း WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စားနပ်ရိက္ခာဖူလုံမှုမရှိရင် အဲဒီအကျပ်အတည်းသံသရာမှာ စဉ်ဆက်မပြတ် ကြုံတွေ့နေရမှာဖြစ်ပြီး ဆင်းရဲမွဲတေမှုနဲ့ သံသရာလည်နေမှာပါလို့ ဟေတီရှိ WFP နိုင်ငံဆိုင်ရာ ဒါရိုက်တာ ဝမ်ဂျာ ကားရီယာက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လမှ နိုဝင်ဘာအထိ ကာလအတွင်း အကျုံးဝင်တဲ့ IPC အစီရင်ခံစာကို ဟေတီနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံရေး အမျိုးသားအဆင့်ညှိနှိုင်းရေး(CNSA)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က ပူးပေါင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters