ဟေတီပိုင်နက်နယ်နိမိတ်မှာ ကင်ညာရဲတပ်ဖွဲ့တွေ ရှိနေခြင်းကို လက်ခံမှာ မဟုတ်ဘူးလို့ ဟေတီဂိုဏ်း မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂိုဏ်းခေါင်းဆောင် ဂျင်မီ ဘာဘီကယူး ချဲရီဇီယာက ဇွန် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဟေတီလူမျိုးတွေ မဟုတ်ဘဲ ဟေတီမြေပေါ်မှာ ရှိနေရင် သူတို့ကို ကျူးကျော်သူတွေလို့ ယူဆကြောင်း၊ နိုင်ငံတွင်းရှိ လူတွေကို သတ်ဖြတ်ပြီးတော့ သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့ ဘယ်နိုင်ငံခြားတပ်ဖွဲ့ဝင်တွေကိုမှ လက်မခံနိုင်ဘဲ ဒီနိုင်ငံနဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကို ကာကွယ်ဖို့ သူတို့ရဲ့အသက်နဲ့ရင်းပြီး တွန်းလှန်သွားမယ်လို့လည်း ဘာဘီကယူးက ဆိုပါတယ်။
သူတို့ဟာ တပြည်ထဲသားတွေ ဖြစ်ကြပြီးတော့ သူတို့ဟာ သူ့တို့နေထိုင်ရာ ပတ်ဝန်းကျင် ရပ်ကွက်မှာ လုယက်ရဲတဲ့သူ၊ ဖျက်ဆီးရဲတဲ့သူတွေကို တိုက်ခိုက်သွားမယ်လို့ ဘာဘီကယူးက ပြောပါတယ်။
ဗီဒီယိုထဲမှာ ဘာဘီကယူးဟာ မျက်နှာဖုံးနဲ့ ခေါင်းစွပ်တွေ အုပ်ထားကြတဲ့ ရိုင်ဖယ်ကိုင် နောက်လိုက်တွေ ဒါဇင်ပေါင်းများစွာကို ဦးဆောင်နေတာကို မြင်တွေ့ရပါတယ်။
ဟေတီနိုင်ငံအတွက် ငြိမ်းချမ်းရေးမစ်ရှင်မှာ အင်အား ၂,၅၀၀ ကျော်အထိ ကုလသမဂ္ဂမှ အတည်ပြု ထားပြီး အခုသီတင်းပတ်အတွင်းမှာ ရာနဲ့ချီတဲ့ ကင်ညာရဲအရာရှိတွေဟာ ဟေတီနိုင်ငံကို ရောက်ရှိ လာခဲ့ကြပါတယ်။
ကျန်ရှိနေသေးတဲ့ တပ်ဖွဲ့ဝင်တွေကတော့ ဘယ်အချိန်မှာ ရောက်ရှိလာမယ်ဆိုတာ မသိရ သေးပါဘူး။
ကုလငြိမ်းချမ်းရေးမစ်ရှင် တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်မှာ ဟေတီအစိုးရဟောင်းက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ဂိုဏ်းတွေဟာ ဘုံမဟာမိတ် ခေါင်းစဉ်တခုအောက်မှာ စည်းလုံးသွားကြပြီး မြို့တော်ရဲ့ နေရာအနှံ့အပြားကို သိမ်းပိုက်လိုက်ကြပါတယ်။
အကြောင်းမခွဲခြားပဲ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အစုလိုက်အပြုံလိုက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်လာကြတာကြောင့် လူနဲ့ကုန်ပစ္စည်းတွေ သွားလာလှုပ်ရှားမှုတွေ ရပ်တန့်ကုန်ပါတယ်။
Source-Reuters