တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့မှာ ပြည်သူ ၁ ယောက်သေဆုံး ၃ ယောက် ဒဏ်ရာရပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်မှာတော့ ကလေး ၂ ယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရသွားပါတယ်။
ဇွန် ၂၈ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ ပလမြို့ရဲစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးပြီး အမျိုးသား ၁ ယောက် နဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပလမြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က“ပထမတော့ သေနတ်နဲ့ပစ်တယ်။ ပြီးမှ လက်နက်ကြီးနဲ့ ၂ ချက်ပစ်တာ။ လက်နက်ကြီးကျတာက အမှတ် ၃ ရပ်ကွက်၊ မြို့လယ် လမ်းသုံးဆုံမှာ ကျတာ။ ဒုတိယတလုံးမှာ လူတွေထိသွားတာ”လို့ ပြောပါတယ်။
တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာလို့ ပလမြိုခံတွေက ပြောပါတယ်။
ရပ်ကွက်နေပြည်သူတယောက်ကလည်း “လက်နက်ကြီးထိတာက နေအိမ်မှာပဲ။ နေအိမ်က ဈေးဆိုင်ဆိုတော့ ဒီနေရာမှာရှိနေတဲ့ ပြည်သူတွေထိသွားတာပါ”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အသက် ၄၀ အရွယ် ဒေါ်စန်းယု ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်ထိခိုက်ဒဏ်ရရသူ ၃ ယောက် ကိုတော့ မြိတ်မြို့ဆေးရုံဆီကို ပို့ဆောင်ခဲ့တယ်လို့ ပလမြို့ခံတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာလည်း ဇွန် ၂၇ ရက် ညနေ ၅ နာရီခွဲလောက်က တိုက်ပွဲမရှိဘဲ မော့ကနင်ရွာအခြေစိုက် အမှတ် ၃၁၇ စစ်ကောင်စီ အမြောက်တပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး ကလေး ၂ ယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နှစ်ကရင်ကျေးရွာ ဘူတာပိုင်းက နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲခဲ့တာပါ။
ရေးဒေသခံတယောက်က “မိုးတောင်မချုပ်သေးဘူး၊ လက်နက်ကြီး ၅ လုံးလောက်ဆက်တိုက်ပစ်တာ။ တလုံးက နှစ်ကရင်ရွာထဲက အိမ်ပေါ်ကျပြီး မိသားစုဝင် ၄ ဦး၊ ကလေး ၂ ဦးနဲ့ လူကြီး ၂ ဦးဒဏ်ရာရတာ။ စိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး။ မော့ကနင်အမြောက်တပ်က လက်နက်ကြီးနဲ့ ဒီလိုပဲ လိုက်ရမ်းပစ်နေတာ။ ဘာတိုက်ပွဲမှမရှိသလို ဘယ်သူမှလည်းလာမတိုက်ဘူး” လို့ ပြောပါတယ်။
လက်နက်ကြီးထိလို့ ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင် ၄ ယောက်ကို ဒေသခံလူမှုကူညီရေးအသင်းက လမိုင်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့ကလည်း မော့ကနင်အခြေစိုက် အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရေးမြို့နယ်၊ ကာဆိပ်ရပ်က နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။