အိန္ဒိယနိုင်ငံ၊ မြို့တော်နယူးဒေလီရဲ့ လေဆိပ်မှာ ဇွန် ၂၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးပြိုကျခဲ့လို့ လူတဦးသေဆုံးခဲ့ပြီး ပြည်တွင်းလေဆိပ်ဂိတ်တခုက လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မနက် ၅ နာရီမှာ ဒေလီလေဆိပ်ရဲ့ ဂိတ်ပေါက် ၁၊ Terminal 1 ရဲ့ ထွက်ခွာရာနေရာရှိ နေကာတစိတ်တပိုင်း ပြိုကျခဲ့လို့ လေယာဉ်ပျံသန်းမှု လုပ်ငန်းတွေကို မွန်းလွဲ ၂ နာရီအထိ ပိတ်ထားခဲ့ကြောင်း အိန္ဒိယလေကြောင်းဝန်ကြီးက ပြောပါတယ်။
အခြေအနေကို စောင့်ကြည့်နေပြီး အဲဒီနေရာမှာ အရေးပေါ်တုံ့ပြန်ရေးသမားတွေလည်း ရောက်ရှိ လုပ်ဆောင်နေကြကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။
မျက်မြင်သက်သေတဦး ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ မိုးသည်းထန်စွာရွာသွန်းနေချိန်မှာ ခေါင်မိုးပြိုကျမှု မဖြစ်ခင် ရေတွေယိုစိမ့်နေတာကို မြင်တွေ့ရပါတယ်။
မွမ်ဘိုင်းကနေ အင်ဒီဂို လေကြောင်းလိုင်းနဲ့ မနက် ၉ နာရီမှာ ရောက်ရှိလာတဲ့ ခရီးသည်တဦးကတော့ သူ ဒီကိုရောက်တာနဲ့ လေဆိပ်ဂိတ်ရဲ့ ခေါင်မိုးအပေါ်ဆုံးအပိုင်း ပြိုကျသွားတာကို တွေ့လိုက်ရတယ်လို့ ပြောပြပါတယ်။
အဲဒါကြောင့် ခရီးစဉ်အရေအတွက် အများဆုံးကို ဖျက်သိမ်းလိုက်ရပြီး ခရီးစဉ်တချို့ကိုတော့ ခေတ္တရပ်နားထားတယ်လို့လည်း ဆိုပါတယ်။
ဒေလီမီးသတ်ဌာနရဲ့ ဗီဒီယိုမှာ ပြိုကျနေတဲ့ တိုင်လုံးတွေအောက်မှာ ကားတွေ ကြေမွနေတာကို ပြသထားပါတယ်။
အဲဒီမတော်တဆမှုမှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ပျက်စီးထားတဲ့ လေဆိပ်က လေယာဉ်ခရီးစဉ်တွေကို ခေတ္တရပ်ဆိုင်းထားပါတယ်။
နိုင်ငံရဲ့ အလုပ်အများဆုံးလေဆိပ် ၃ ခုထဲက တခုရဲ့ ဂိတ်ကြီးတခုလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ဒဏ်ရာရသူ ၈ ဦးကို ဆေးရုံကိုပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးမြောက်ခဲ့ကြောင်း ဒေလီမီးသတ်ဌာန ဒါရိုက်တာ အာတူးလ် ဂါ့ဂ်က ပြောကြားခဲ့ပါတယ်။
Source-Reuters