ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄ လုံး ပြိုကျပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၂၆ ရက်နဲ့ ၂၇ ရက်က မိုးသက်လေပြင်းဒဏ်ကြောင့် သာပေါင်းမြို့နယ် ငှက်စံကျွန်းကျေးရွာနဲ့ ထန်းဇင်လှကျေးရွာက လူနေအိမ် ၄ လုံး လုံးဝ ပြိုကျပျက်စီးခဲ့တာလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“လေပြင်းဒဏ်ကြောင့် လူနေအိမ် ၄ လုံး ပြိုကျတာ။ ပြိုကျတဲ့အိမ်တွေက သွပ်မိုးနဲ့ ဓနိမိုးအိမ်တွေလို့ သိရတယ်။ လေပြင်းတိုက်တဲ့အချိန်က သိပ်မကြာပါဘူး။ တိုက်တဲ့လေက ပြင်းလို့ အပျက်အစီးရှိတာ” လို့ ပြောပါတယ်။
လေဘေးသင့် ဒေသခံတယောက်က “နေအိမ် ၄ လုံးက လုံးဝပျက်စီးသွားတာ။ လူတွေတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူး။ အခု ယာယီတဲထိုးနေထိုင်နေရတယ်။ ဒီနေ့အထိတော့ ထောက်ပံ့မှု မရသေးဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ကလည်း လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ် ၃ လုံး ပြိုကျပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်တဲ့ ဒဏ်ကြောင့် လူနေအိမ် အလုံး ၅၀ နဲ့ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်း ပြိုကျပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။