Home
မြန်မာသတင်း
စစ်သား ၄ ဦးကို ပကဖအဖွဲ့များ ဖမ်းဆီး၊ ဘုတလင်တွင် တိုက်ပွဲဖြစ်ပြီး ပြည်သူထောင်ချီ စစ်ဘေး ရှောင်နေရ
DVB
·
June 28, 2024

ပြင်ဦးလွင်ခရိုင်-ပကဖ နဲ့ မတ္တရာမြို့နယ်-ပကဖ တို့ပူပေါင်းပြီး စစ်ကောင်စီတပ်သား ၄ ဦးကို သေနတ် ၄ လက်၊ မော်တော်ယာဥ် ၂ စီး အပါအဝင် ခဲယမ်းတွေနဲ့ ဇွန် ၂၇ ရက်မှာ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်-ပကဖ တာဝန်ခံတဦးက “စစ်ကောင်စီတပ်ရဲ့ လက်ရုံးတပ်က တပ်သား ၄ ဦးကို သေနတ် ၄ လက်၊ ခဲယမ်းတွေနဲ့အတူ ထောက်ပို့ယာဉ် ၂ စီးကို ဖမ်းဆီးရမိခဲ့တာ ဟုတ်ပါတယ်ခင်ဗျာ” လို့ အတည်ပြု ပြောပါတယ်။

ဖမ်းဆီးရမိတဲ့နေရာနဲ့ ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပကဖ ၂ ဖွဲ့လုံးရဲ့ တာဝန်ခံတွေက လုံခြုံရေးအရ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

“အတိအကျ သတင်းထုတ်ပြန်ချိန်ရောက်ရင်တော့ သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။ အခုအချိန်မှာ တပ်ဖွဲ့တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအရကော စစ်ရေးအရကော အခြေအနေအရပ်ရပ်ကြောင့် ကျေးဇူးပြုပြီး ဒီလောက်နဲ့ပဲ သည်းခံပေးပါ” လို့ ပြင်ဦးလွင်ခရိုင်-ပကဖ တာဝန်ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်က မန္တလေး-မြစ်ကြီးနားကားလမ်းနဲ့ မန္တလေး-မိုးကုတ်ကားလမ်းတွေကို နေ့စဥ် ည ၇ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအတွင်း ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး တစုံတရာ ထပ်မံမထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဇွန် ၂၇ ရက် ညနေ ၃ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေ အရေးပေါ် စစ်ဘေးရှောင်‌နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ဘုတလင်မြို့ အနီးပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့တာကြောင့် ဆိတ်ကျောင်းသားတဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘုတလင်မြို့ပေါ်နေ ပြည်သူတဦးက “အခါတိုင်း ဘုတလင်မြို့ထဲက စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်က လာတိုက်မယ်ဆိုရင် သူ့အဆက်စပ်လေးနဲ့ သတင်းရတယ်။ အဲလိုသတင်းရရင် ကြိုရှောင်လို့ရတယ်။ အခုဟာက ဘာသတင်းမှလည်း မရတော့ တိုက်ပွဲဖြစ်တဲ့အတွင်းကနေ မနည်းထွက်ပြေးခဲ့ရတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဘုတလင် PDF၊ ရွှေဘို PDF၊ ဒီပဲယင်း PDF၊ ယင်းမာပင် PDF ညီနောင်များအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

“ကျနော်တို့ ပြည်သူကို အသိမပေးဘဲ တိုက်ရတာက သတင်းပေါက်ပေါက်နေလို့ အသိမပေးဘဲ တိုက်လိုက်တာဗျ။ ကျနော်တို့ ဘုတလင်မြို့ကို စခန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့သေးတယ်ဗျ။ ဒါပေမဲ့ ကျည်အင်အားမရှိလို့ နောက်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ ကျည်အင်အားနည်းပေမဲ့ စခ အခိုင်အမာ ကတုပ်ကျင်း၊ ဘန်ကာတွေ အထိကို တိုက်ခိုက်နိုင်ခဲ့တယ်” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က မစိုးရိမ်ရဒဏ်ရာ ရခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အနည်းဆုံး အယောက် ၂၀ အထိ သေဆုံးဒဏ်ရာရရှိတယ်လို့ ပြောဆိုပေမဲ့ DVB အနေနဲ့ သီးခြားတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်က ဘုတလင်မြို့ပေါ် စစ်ကောင်စီတပ်စွဲနေတဲ့ မိုးကျူရှင်အနီးက ဘန်ကာ၊ အထကကျောင်း၊ ထွေအုပ်ရုံး၊ CB.BANK စတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013