Home
မြန်မာသတင်း
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျသွားမှာ တပ်မိသားစုဝင်များ စိုးရိမ်နေ 
DVB
·
June 28, 2024

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကြောင့် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တော်လှန်ရေးတပ်တွေလက်ထဲကျသွားမှာကို  တပ်မိသားစုဝင်တွေ စိုးရိမ်ပူပန်နေကြပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာန နယ်မြေအတွင်းမှာ ဇွန် ၂၄ ရက်ကစလို့ TNLA အဖွဲ့တွေက နောင်ချိုနဲ့ ကျောက်မဲမြို့ကို တိုက်ခိုက်ပြီး သီပေါမြို့ကိုတိုက်ပွဲတွေ ဆက်လာတဲ့အတွက် စစ်မီးဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ကူးစက်လာမှာ စိုးရိမ်နေတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

"နောင်ချိုနဲ့ ကျောက်မဲမှာလည်း တပ်က အတော်လေးကျတယ်။ သီပေါကိုလည်း မထိန်းနိုင်ဘူး TNLA ကသာ တဆင့်တက်ပြီး လားရှိုးမြို့ပါတက်သိမ်းရင် မလွယ်ဘူး။ အကုန်လုံး စိတ်ပူနေတယ်။ ပြောင်းတဲ့သူပြောင်း ပြေးတဲ့သူတွေပြေးကုန်ပြီ။”

ပထမကြိမ် ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်ကို TNLA ၊ MNDAA နဲ့ AA လက်မှ မကာကွယ်နိုင်တဲ့ အမှတ် ၂ စစ်ဆင်ရေးအထူးတပ်ဖွဲမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ပေးပြီး တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးကို ကစထမှူး  ၂ နေရာပေးတဲ့အတွက် ပို၍စိုးရိမ်တာဖြစ်တယ်လို့  အငြိမ်းစားအရာရှိတဦးက ပြောပါတယ်။

"စစ်ရေးအရပြန်ကြည့်ရင် ၁၀၂၇ ပထမ စစ်ဆင်ရေးမှာ အရင်ကစထ ၂ ဒုဗိုလ်ချုပ်ကြီးအောင်အောင်ကို ဖြုတ်ပြီး ဝန်ကြီးချုပ် ပေးလိုက်တယ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးကို မင်းသူနေရာယူ ဒါပေမဲ့  ဒုဗိုလ်ချုပ်ကြီးရာထူးကို မတိုးပေးဘူး အခုဦးဆောင်နေတဲ့သူတွေက အရည်အချင်းမရှိဘူးဆိုတာသိလို့ ရှမ်းမြောက်ကျမှာ စိတ်ပူတာ။”

လက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက  တပ်မတော်စစ်ဆေးရေး ဒုအရာရှိချုပ် ဗိုလ်ချုပ်စိုးတင့်ဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကိုလည်း တွဲပေးထားရတယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက ရှမ်းပြည်နယ် မြောက်ပိုင်းမြို့များစွာကို MNDAA၊ TNLAနဲ့ AAတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024